စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၏ မောင်မယ် သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
  • Tue, 7 June 2022

စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၏ မောင်မယ် သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ


စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၏ မောင်မယ် သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ(၁၁) ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မောင်မောင်နိုင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ၊ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ဆရာ ဆရာမများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် တက်ရောက် ပညာသင်ယူကြမည့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။




အခမ်းအနားကို ကျောင်းသား ကျောင်းသူများက စုပေါင်းသီချင်း သီဆိုဖွင့်လှစ်ကြသည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အမှာစကားပြောကြားရာ၌ နိုင်ငံတော် စီမံ အုပ်ချုပ် ရေး ကောင်စီ အစိုးရ အနေဖြင့် နိုင်ငံ၏ လူသား အရင်းအမြစ် စွမ်းအားများ ဖွံ့ဖြိုး တိုးတက် ရေး အတွက် ပညာရေးကို ဦးစားပေး မြှင့်တင်လျက် ရှိ ကြောင်း၊ အထူးသဖြင့် နိုင်ငံ၏ စီးပွားရေး လျင်လျင် မြန်မြန် ကူးပြောင်း တိုးတက်စေရန် စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍ အတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူ လူသား အရင်းအမြစ်များ အကြားအလပ်မရှိ ပေါ်ထွက် လာရေးကို တိုင်း ဒေသကြီး ပြည်နယ်များတွင် ဖွင့်လှစ် ထားသည့် စိုက်ပျိုးရေး သိပ္ပံကျောင်း (၁၅)ကျောင်းအား လိုအပ် သည့် ပြုပြင်မွမ်းမံမှုများ အဆင့်မြှင့်တင် ပေးမှုများ အပါအဝင် မွေးမြူရေး ဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် ပျဉ်းမနား၊ ပုသိမ်ကြီး နှင့် ဟဲဟိုး စိုက်ပျိုးရေး သိပ္ပံ ကျောင်းများ တွင် ယခု ပညာသင် နှစ်မှ စတင်၍ မွေးမြူရေးဒီပလိုမာ သင်တန်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် စာတွေ့ လက်တွေ့ နည်းပညာ ရပ် များ အပြင် အသိပညာများ ဗဟုသုတများကို တပါတည်း ဆည်းပူး လေ့လာ သွားကြ စေ လိုကြောင်း၊ အထူးသဖြင့် မိသားစုရင်ခွင်မှ စတင်ထွက်ခွါလာပြီး ပတ်ဝန်းကျင် အသစ် မိသားစုအသစ်တွင် လိုက်လျော ညီထွေ နေထိုင် တတ်မှု ၊ အသင်းအဖွဲ့ ပုံစံဖြင့် စုပေါင်း ဆောင်ရွက်တတ်မှု၊ မိမိပါဝင်သည့် အသင်း အဖွဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက် တတ်မှု စသည့် အတွေ့အကြုံများ အား လုပ်ငန်းခွင်အထိ အသုံးချနိုင်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ နှင့် မိတ္တ ဗလ ဖွံ့ဖြိုးရေး အတွက်ကိုပါ လေ့ကျင့် သွား ကြ ရမည့် နေရာဌာနလည်း ဖြစ်ကြောင်း၊



ကျောင်းဆင်းပြီး နောက် ဒေသအသီးသီးတွင် မိမိတို့ တတ်မြောက်ထားသော နည်းပညာ၊ ဗဟုသုတများကို လက်ဆင့်ကမ်း ပေးခြင်း အားဖြင့် ဒေသခံ တောင်သူ လယ်သမားများ ၏ စိုက်ပျိုးရေး ဆိုင်ရာ ဗဟုသုတ များ ဖွံ့ဖြိုးတိုးတက်ရေး ကို တိုက်ရိုက် အကျိုးပြု နိုင်မှာ ဖြစ်လို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ကို အထောက် အကူ ပြုနိုင်ရေး ကြိုးပမ်းကြ စေလိုကြောင်း ပြောကြား သည်။




ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က အားကစား ပစ္စည်းများကိုလည်းကောင်း ၊ နေပြည်တော်ကောင်စီ ဥက္ကဌ က ထောက်ပံ့ ငွေများ နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူ ကိုယ်စား လှယ်များက လက်ခံ ရယူခဲ့ကြပြီး ကျောင်းသား တစ်ဦး နှင့် ကျောင်းသူတစ်ဦး တို့က ကျေးဇူးတင် စကား ပြောကြား ကြသည်။




စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)ကို ၁၉၅၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ ဒီပလိုမာ လက်မှတ်ရ အသက်မွေး ဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူ (၅၀၀၀)ကျော် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကာ နိုင်ငံ တစ်ဝန်းရှိ စိုက်ပျိုးရေးသိပ္ပံ (၁၅) ကျောင်း မှ ဒီပလိုမာ လက်မှတ်ရ အသက် မွေး ဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူ စုစုပေါင်း (၂၃၀၀၀)ကျော်ကို လေ့ကျင့် မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ နှင့် မွေးမြူရေး ဒီပလိုမာ သင်တန်းများ၏ (၃)နှစ် သင်တန်းသို့ တက်ရောက် အောင်မြင်ပြီးသူများအား ဒီပလိုမာလက်မှတ် ချီးမြှင့် ပေးအပ် လျက် ရှိပြီး ၊ သတ်မှတ် အရည်အချင်း ပြည့်မီသူများအနေဖြင့် သက်ဆိုင်ရာ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေး တက္ကသိုလ် များတွင် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ဆိုင်ရာ ပညာရပ်များဆက်လက် ဆည်းပူး လေ့လာနိုင်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။