တောင်သူများ၏ လူမှုစီးပွားဘဝများ ခိုင်ခိုင်မာမာဖြင့် ဖွံ့ဖြိုး အောင်မြင်လာရေး ကြိုးပမ်းကြရန်လို
  • Tue, 13 December 2022

တောင်သူများ၏ လူမှုစီးပွားဘဝများ ခိုင်ခိုင်မာမာဖြင့် ဖွံ့ဖြိုး အောင်မြင်လာရေး ကြိုးပမ်းကြရန်လို


တောင်သူလယ်သမားများ အနေဖြင့် စိတ် သဘောထား တူသူများ စုပေါင်း၍ လယ်ယာ ကုန်ထုတ်နှင့် ဝန်ဆောင်မှုဆိုင်ရာ သမဝါယမ အဖွဲ့အစည်းများ ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ အသင်းပိုင် လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အသုံးပြုနိုင်ရေးနှင့်  ရင်းနှီးမတည်ငွေများ ခိုင်မာလာရေး စနစ်တကျ စီမံ ဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွား ဘဝများ ခိုင်ခိုင်မာမာ ဖြင့် ဖွံ့ဖြိုးအောင်မြင်လာရေး ကြိုးပမ်းကြရန် လိုကြောင်း ဒီဇင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ တောင်သူ လယ်သမားများ၊ ချောင်းမငယ် ဆည် ရေသောက် ရေအသုံးချသူများ အဖွဲ့ (Water User Group-WUG) များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီး က ဆက်လက် ပြောကြားရာ တွင် နိုင်ငံတော်တွင် စားသုံးဆီများ ဖူလုံရေး ဆောင်ရွက် နေကြောင်း၊ နေကြာသီးနှံအား စနစ် တကျ စိုက်ပျိုးပြုစုဆောင်ရွက်မည်ဆိုပါက အထွက်နှုန်း တိုးနိုင်ပြီး စိုက်ပျိုးသူများ၏ ဂရုစိုက်မှု ပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားနိုင်ကြောင်း၊ ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးရေးအတွက် နိုင်ငံတော် က ရန်ပုံငွေများ ချထားပေးလျက် ရှိ ကြောင်း၊ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် သတ်မှတ် ချက်များ နှင့်အညီ ချေးငွေများ ချေးယူနိုင်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မျိုးကောင်း မျိုးသန့် ရရှိရေးကို စီမံ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစု များ ရရှိရေး အတွက်လည်း ဆောင်ရွက်ပေးမှာ ဖြစ် သကဲ့သို့ ထွက်ရှိလာသော သီးနှံများအားလည်း ပေါက်ဈေး အတိုင်း ပြန်လည်ဝယ်ယူ နိုင်ရေး စီစဉ် ပေးမည်ဖြစ်ကြောင်း၊ သမဝါယမ အသင်းများ ဖွဲ့စည်း၍ စုပေါင်း စိုက်ပျိုး၊ စုပေါင်း ရောင်းချ၍ ဝင်ငွေများ ရရှိရုံ သာမက Refund ငွေများ ပြန်လည် ရရှိရေးကိုလည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ရရှိလာသော Refund ငွေများမှ (၈၀) ရာခိုင်နှုန်းကို တောင်သူအား ထပ်မံပေးအပ် မည်ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းအား သမဝါယမ အသင်း ရန်ပုံငွေအဖြစ် စုဆောင်း ထားရှိကာ တောင်သူ တစ်ဦးချင်း ဝယ်ယူသုံးစွဲရန် ခက်ခဲသည့် စွမ်းအားမြင့် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ အသုံးပြု နိုင်ရေး နှင့်  ခိုင်မာ တောင့်တင်း သည့် ရင်းနှီး မတည်ငွေများ ဖြင့် လယ်ယာ ကုန်ထုတ် စွမ်းအား ကြီးမား တိုးတက် လာရေး ပူးပေါင်းကြိုးပမ်း သွားကြ ရမည်ဖြစ်ကြောင်း၊  အလားတူ ကျေးရွာများ တွင် ဆိုင်ကယ်ပြင် သင်တန်း၊ ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်း၊ စက်ချုပ်သင်တန်း စသည့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ကျွမ်းကျင် ပိုင်နိုင်စွာ စီးပွားဖြစ် လုပ်ကိုင် နိုင်ရေးကို အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန က ကျေးရွာများ အရောက် ဖွင့်လှစ် သင်ကြား ပေးလျက် ရှိရာ မိမိတို့ လူနေမှု ဘဝ ဖွံ့ဖြိုး တိုးတက် ရေး နှင့် ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး က နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ရိတ်သိမ်းပြီးစီးမှု အခြေအနေနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှု အခြေ အနေများ အား ရှင်းလင်းတင်ပြပြီး တက်ရောက် လာသော တောင်သူ လယ်သမားများက အဆင့်မြင့် လယ်ယာ ဖော်ထုတ်ရေး၊ ကုန်ထုတ်လမ်း တံတား တည်ဆောက်ပေးရေး လုပ်ငန်းများ တင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီး နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။



အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တောင်သူ လယ်သမားများအား နေကြာမျိုးကောင်း မျိုးသန့် မျိုးစေ့များကို ပေးအပ်ခဲ့ပြီး မျိုးစေ့ချကိရိယာဖြင့် နေကြာစိုက်ပျိုးခြင်း၊ မတ်ပဲစိုက်ပျိုးခြင်း၊ ကောက်ရိုး ထုံးစက်ဖြင့် ကောက်ရိုးထုံးခြင်း၊ Sub Soiler ဖြင့် မြေပြုပြင်ခြင်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု အားပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာ၌ ဆောင်းနေကြာ စိုက်ပျိုး ထားရှိမှုနှင့်  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုလာ စွမ်းအင်သုံး စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရန် အတွက် ဆီထွက်သီးနှံ နေကြာ တိုးချဲ့ စိုက်ပျိုးရန် နိုင်ငံတော် ဝန်ကြီးချုပ်က မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် မျိုးစေ့ထုတ် တောင်သူများထံမှ အရည် အသွေးမီ မျိုးစေ့များကို ပြန်လည်စိုက်ပျိုးမည့် တောင်သူများ စနစ်တကျ ဝယ်ယူ စိုက်ပျိုးနိုင်ရေးကို သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့က ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လိုအပ်သော စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်း နှင့် ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့ ပူးပေါင်း၍ ဆိုလာအသေးစားစနစ် ရေတင် စီမံကိန်း များ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စီမံကိန်း အောင်မြင် ပြီး ပြည်သူများ စီးပွားရေး တွက်ချေ ကိုက်ပါက နောင်နှစ်များတွင် တောင်သူများ တိုးချဲ့ စိုက်ပျိုး လာမည် ဖြစ်၍ စီမံကိန်းလုပ်ငန်းများ အောင်မြင် စေရန် သက်ဆိုင်ရာဝန်ထမ်းများ က တောင်သူများ အား အသိပညာပေး စည်းရုံးဆွေးနွေး ခြင်း၊ နည်းပညာပေး ကူညီခြင်းများကို  ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားပြီး  ကျေးရွာသူ ကျေးရွာ သားများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက် ထားရှိသည့် ကွင်းအမှတ် (၁၆၇၇) ၌ နေကြာစိုက်ဧက (၃၅၃) ဧကအား ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေရှည်ထိန်းသိမ်းရေး၊ ဌာနများနှင့် တောင်သူအစုအဖွဲ့များ တာဝန်ခွဲဝေ သတ်မှတ် ဆောင်ရွက်ရေးနှင့် စိုက်ပျိုးရာသီအမှီ ရေပေးဝေ နိုင်ရေး အတွက် ဒီဇင်ဘာလကုန်အပြီး ဆောင်ရွက်ရေး တို့ကို မှာကြားခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာတစ်နိုင်ငံအတွင်း ဆောင်းသီးနှံ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေး အတွက် မြေအောက်ရေ စက်ရေတွင်းပေါင်း ၂၈ တွင်း၊ မြေပေါ်ရေ မြစ်၊ ချောင်း၊ မြောင်းတို့မှ ဆိုလာ ရေတင်စနစ် လုပ်ငန်းပေါင်း ၉၆ ခုဖြင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက် ပေးသွား မည်ဖြစ်ပြီး ကျေးရွာပေါင်း ၆၈ ရွာနှင့် စိုက်ပျိုးဧက ၃၅၀၀ အတွက် အကျိုး ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။