မြေပဒေသာကျွန်းတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကျင်းပ
  • Sun, 8 January 2023

မြေပဒေသာကျွန်းတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကျင်းပ



ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကျင်းပလျက်ရှိရာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးခြင်းကို စိတ်ဝင်စားသူများ၊ သစ်ခွ နှင်းဆီ နှင့် အလှပန်းစိုက်ပျိုးခြင်းကို နှစ်သက်သူများ စိတ်ဝင်စားစွာ လာရောက်လေ့လာလျက်ရှိသကဲ့သို့ အလှဓါတ်ပုံ ရိုက်ကူးခြင်းကို နှစ်သက်ကြသူများဖြင့်လည်း စည်းကားလျက်ရှိကြောင်းသိရသည်။


စိမ်းစိုသာယာသော ကန်တော်ကြီးပတ်ဝန်းကျင်သည် ကျေးငှက်မျိုးစုံတို့၏ ကျက်စားရာ သဘာဝရိပ်မြုံတစ်ခုအဖြစ်သာမက  စိုက်ပျိုးရေးဆိုင်ရာ ပညာပေးဇုန်အတွင်းရှိ မြေပဒေသာကျွန်း သည် မြို့နေလူတန်းစားအလွှာမျိုးစုံအတွက် ခေတ်အဆက်ဆက် စိုက်ပျိုးနည်းပညာဖြန့်ဝေရာ ဘူမိနက်သံဒေသတစ်ခုလည်းဖြစ်ခဲ့ရာ ယခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကျင်းပလျက်ရှိသည်။


ပြပွဲတွင် မြန်မာနိုင်ငံပန်းဝါသနာရှင်များအသင်း က ပန်းမန်ပြခန်း(၁၅)မျိုး၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ ပြခန်း(၉)မျိုး တို့ ပါဝင်ခင်းကျင်းပြသထားပြီး ပြိုင်ပွဲအမျိုးအစား (၂၄)မျိုး ၌ တင်သွင်းယှဉ်ပြိုင်ထားရှိမှုများကို ဝေဝေဆာဆာ ပြသထားကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနပြခန်းများ တွင် သက်ဆိုင်ရာပညာရှင်ဝန်ထမ်းများက စိုက်ပျိုးရေး နည်းပညာရပ်ဆိုင်ရာများကို ရှင်းလင်းပြသပေးလျက်ရှိကြောင်း၊ အဆိုပါ ပွဲတော်ကို ဇန်နဝါရီလ (၈)ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။