နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပဲတီစိမ်း ဧက ၁၂၀၀၀၀ ကျော် နှင့် နွေစပါး ဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်သွားမည်
  • Fri, 23 December 2022

နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပဲတီစိမ်း ဧက ၁၂၀၀၀၀ ကျော် နှင့် နွေစပါး ဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်သွားမည်


ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်း နှင့် နွေစပါး စီမံကိန်းဝင် တောင်သူများအား သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်း က သန်လျင် အ.ထ.က(၁) ရတနာရှင်းသန့်ခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့မှ ညွှန်ကြားရေမှူးချုပ်များ၊ တိုင်းဒေသကြီး နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းဝင်တောင်သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်း နှင့် နွေစပါး စီမံကိန်း ၏ ရည်ရွယ်ချက် ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူအစုအဖွဲ့များ၊ သွင်အားစု လုပ်ငန်းရှင်များ နှင့် ဝယ်ယူကြိတ်ခွဲ ရောင်းချ သူများ အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က သီးနှံများ အထွက်တိုးရေး နှင့် အရည်အသွေးကောင်း သီးနှံများ ထုတ်လုပ်ရေး၊ စျေးကွက်ခိုင်မာ သေချာရေး ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများအပေါ် စနစ်တကျ လိုက်နာရန် လိုအပ်ချက်များ ကို ဆွေးနွေးပြောကြားသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေမှူးချုပ်များ က စီမံကိန်းဝင်တောင်သူ များ အား သွင်းအားစု ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တောင်သူ ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။



အလားတူ တိုက်ကြီးခရိုင် တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး စီမံကိန်းဝင် တောင်သူများအား သွင်းအားစု ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို တိုက်ကြီးမြို့နယ် ရွှေဂျိုးဖြူခန်းမ ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်း အတွင်းဝန် နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေမှူးချုပ် တို့က စီမံကိန်းလုပ်ငန်း ဆိုင်ရာများ ကို ရှင်းလင်းပြောကြားကြပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဦးအောင်သူရ က လယ်ယာကုန်ထုတ်သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်ခြင်း ၏ အားသာချက်များ နှင့် ဆန္ဒ သဘော ညီညွတ်သူများစုပေါင်း၍ သမဝါယမအသင်း အဖြစ် ဖွဲ့စည်းလုပ်ကိုင်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စီမံကိန်းဝင်တောင်သူများ အတွက် သွင်းအားစု ပစ္စည်းများ ကို အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေမှူးချုပ်များ က ထောက်ပံ့ပေးအပ်ကြရာ တောင်သူ ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပဲတီစိမ်း ဧက ၁၂၀၀၀၀ ကျော် နှင့် နွေစပါး ဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး ပဲတီစိမ်း တစ်ဧကလျင် ကျပ်တစ်သိန်းနှစ်သောင်း နှင့် ညီမျှသော သွင်းအားစုကိုလည်းကောင်း၊ နွေစပါး တစ်ဧကလျင် ကျပ် နှစ်သိန်း နှင့် ညီမျှသော သွင်းအားစု ကိုလည်းကောင်း ထောက်ပံ့ပေးမည် ဖြစ်သည်။ ၀န်ဆောင်စရိတ် ၁% နှုန်းမှအပ အတိုးမဲ့ ထုတ်ပေးထားသည့် အဆိုပါ ထောက်ပံ့ခြင်း  အတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုဖိုး နှင့် ညီမျှသော သီးနှံကို ကာလ ပေါက်စျေးဖြင့် ပေးသွင်းရန်ဖြစ်ပြီး ကျန်သီးနှံကို တောင်သူစိတ်တိုင်းကျ ရောင်းချနိုင်မည် ဖြစ်သည်။ သွင်းအားစုဖိုး ပြန်လည်ကောက်ခံရရှိငွေကို နောက်ရာသီ သီးနှံစိုက်ပျိုးရေး အတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်၍ လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုစီမံကိန်းတွင် ပါဝင်သူများအားလုံးက စုစည်း ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း သိရှိရသည်။



M