စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် DOA Website ကို အဆင့်မြှင့်တင်
  • Thu, 19 January 2023

စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် DOA Website ကို အဆင့်မြှင့်တင်


စိုက်ပျိုရေးဦးစီးဌာန ဖွဲ့စည်းခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် DOA Website လွှင့်တင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ် (၄၃) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ နှင့် ဌာနတာဝန်ရှိသူများ၊ အိုင်တီနည်းပညာအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် DOA Website တာဝန်ရှိသူ က ဝဘ်ဆိုဒ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် က ပြည်တွင်း ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည့် ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရပြည့်ဝ၍ အရည်အသွေးကောင်းမွန်သော သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံ၍ တောင်သူများဝင်ငွေတိုးတက်ပြီး ဆင်းရဲ နွမ်းပါးမှု လျော့ချနိုင်ရန် မျှော်မှန်းချက်ထားပြီး လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများနှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုရေးဦးစီးဌာန ဖွဲ့စည်းခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် www.doa.gov.mm လိပ်စာဖြင့် လွှင့်တင်ထားသော DOA Website အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခြင်း အတွက် ဝမ်းမြောက်ပါကြောင်း၊ နည်းပညာရပ်ဆိုင်ရာဝန်ဆောင်မှုများ၊ သီးနှံ မျိုးစေ့ ၊ မြေဆီလွှာဖွံ့ဖြိုးမှု ၊ သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ၊ သီးနှံ ဈေးကွက် စသည့် သတင်း အချက်အလက်များ ပိုမိုပြည့်စုံစေရေး ၊ နည်းပညာပေးလုပ်ငန်းများ ၊ ဥပဒေ နည်းဥပဒေ အရ ထိန်းကျောင်း ကြပ်မတ်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊  စိုက်ပျိုးရေးဆိုင်ရာ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများ တိုးချဲ့ ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ စီမံခန့်ခွဲခြင်းလုပ်ငန်းများဆောင်ရွက်ရန် ၁၈၈၈ ခုနှစ် တွင် မြေစာရင်းနှင့်စိုက်ပျိုးရေးဌာန အဖြစ် စတင်သန္ဓေတည်ခဲ့ပြီး ၁၉၀၁ ခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးဌာနခွဲ အဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း (မြေ-ကျေး-ရှင်း) အဖြစ် လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း အဖြစ် လည်းကောင်း ခေတ်စနစ်များနှင့်အညီ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၊ လယ်ယာကဏ္ဍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ နှင့် စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ကို အလေးထား ဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ်တွင် စိုက်ပျိုရေးဦးစီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခု (၁၁)နှစ် ပြည့်မြောက်ခြင်းဖြစ်ကြောင်း ၊ ခေတ်မီဆက်သွယ်ရေးနည်းပညာများကို အကျိုးရှိစွာ အသုံးပြုပြီး တောင်သူလိုအပ်ချက်ကို ထိထိရောက်ရောက် ဝန်ဆောင် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းမှုအဖြစ်  www.doa.gov.mm လိပ်စာဖြင့် လွှင့်တင်ထားသော DOA Website အား အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ မျိုးစေ့ ထုတ်လုပ်သူများ နှင့် မျိုးစေ့ သုံးစွဲလိုသူများ အကြား အလွယ်တကူ ချိတ်ဆက်နိုင်မည့် ကြားခံ ကွန်ယက်အဖြစ် အသုံးချနိုင်ရေး တိုးချဲ့ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ၊ အလားတူ နိုင်ငံတကာ ဝဘ်ဆိုဒ်များ နှင့် ချိတ်ဆက် နိုင်ရေး သာမက ပြည်ပ မှ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး စိတ်ဝင်စားသူများ အလွယ်တကူ ရှာဖွေ လေ့လာနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။