မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ၊ သီးနှံ(၄၆)မျိုးအား မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်
  • Fri, 27 January 2023

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ၊ သီးနှံ(၄၆)မျိုးအား မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်


စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် သီးနှံမျိုးစေ့များကို ပြည်ပမှ တင်သွင်းအသုံးပြုရမှုအစား ပြည်တွင်းသုံးစွဲမှုဖူလုံရေး နှင့် ရေရှည်တွင် သီးနှံမျိုးစေ့ ထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေး အတွက် မျိုးစေ့ထုတ်လုပ်ငန်းများ၌ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တိုးတက်ဝင်ရောက်လာရေး ကြိုးပမ်း လျက်ရှိကြောင်း ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး တွင် ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ၏ (၂၄)ကြိမ်မြောက် အစည်း အဝေး တွင် မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး က ပြောကြားသည်။

အစည်းအဝေးတွင် မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် အစိုးရဌာနနှင့် ကုမ္ပဏီများ က တင်ပြလာသည့် သီးနှံများနှင့်စပ်လျဉ်း၍ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရှင်းလင်းတင်ပြရာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် ကော်မတီဝင်များ၊ သီးနှံ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups)များမှ အဖွဲ့ခေါင်းဆောင် များ၊ သီးနှံကျွမ်းကျင် ပညာရှင်များ က သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။


သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်း နှင့် အရည်အသွေးကောင်းသီးနှံ များ ထုတ်လုပ်နိုင်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် စံချိန်စံညွှန်းပြည့်မီသော စိုက်ပျိုးရေး သွင်းအားစုများကို အချိန်ကိုက် အချိုးကျ သုံးစွဲနိုင်ရေးကြိုးပမ်းလျက်ရှိရာ  မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အနေဖြင့် စံချိန်စံညွှန်း ပြည့်ဝသည့် မျိုးစေ့များ  အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရေး ၊ မျိုးသစ်အသိအမှတ်ပြု လက်မှတ် ရရှိပြီးသောမျိုးများကို တင်သွင်း ဖြန့်ဖြူး တင်ပို့ခြင်းလုပ်ငန်းများ လွယ်ကူလျှင်မြန်စေရေး၊ မျိုးစေ့စီးပွားရေး လုပ်ငန်းတွင် ဖြစ်ပေါ်နိုင်သည့် မသမာမှုများ ကာကွယ် နိုင်ရန် မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထိန်းကြောင်း ကြပ်မတ် ကူညီပံ့ပိုး ခြင်းများဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၃)ကြိမ်မြောက် အစည်းအဝေး ပြီးဆုံးချိန်အထိ သီးနှံ(၇၆)မျိုး၏ မျိုးကွဲ(၁၅၉၈)မျိုး နှင့် မိဘမျိုးလိုင်း (၁၆၈)စုံ တို့ကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် (၂၄)ကြိမ်မြောက် အစည်းအဝေး တွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များ (Technical Working Groups)နှင့် မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee)တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထားမှတ်ချက်များဖြင့် တင်ပြ လာသော စမ်းသပ်စိုက်ပျိုးသီးနှံ (၄)မျိုး ၏ မျိုးသစ်မျိုးကွဲ (၁၂) မျိုး၊ Documents သီးနှံ (၁၅) မျိုး ၏ မျိုးသစ်မျိုးကွဲ(၂၇)မျိုး နှင့် မိဘမျိုးလိုင်း (၇) စုံ၊ စုစုပေါင်း (၄၆) မျိုး တို့ကို မျိုးသစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။