နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခုနှစ် ဆောင်းသီးနှံ ဧက ၁၇၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး လျာထားဧကထက် ဧက ၃၀၀၀ ကျော် ပိုမိုစိုက်ပျိုး
  • Sun, 5 February 2023

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခုနှစ် ဆောင်းသီးနှံ ဧက ၁၇၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး လျာထားဧကထက် ဧက ၃၀၀၀ ကျော် ပိုမိုစိုက်ပျိုး


နိုင်ငံတော်က နေပြည်တော်ကောင်စီနယ်မြေ အား စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော စံပြဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်လျက်ရှိရာ လယ်ယာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ တစ်ဧကချင်း ထုတ်လုပ်မှု နှင့် တောင်သူ တစ်ဦးချင်း၏ ဝင်ငွေတိုးတက်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က  တောင်သူများ ဒေသနေပြည်သူများ နှင့်ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် ယခုနှစ် ဆောင်းသီးနှံ အဖြစ် ဆီထွက်သီးနှံ မြေပဲ  နှမ်း  နေကြာ နှင့် မတ်ပဲ ပဲတီစိမ်းအပါအဝင် ပဲသီးနှံ(၉)မျိုး ၊ ကြံ ၊ ပြောင်း ၊ ဟင်းသီး ဟင်းရွက် စုစုပေါင်း  ဧက ၁၇၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး လျာထားဧကထက် ဧက၃၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဒေါက်တာတင်ထွဋ် တို့သည် ဖေဖော်ဝါရီလ (၅)ရက်က နံနက်ပိုင်းက ဇေယျာသီရိမြိုနယ်၊ သစ်တပ်ကုန်း ကျေးရွာတွင် ဆောင်းသီးနှံ မတ်ပဲစံပြကွက် ရိတ်သိမ်းပွဲ သို့ တက်ရောက်အားပေးကြသည်။


မတ်ပဲစံပြကွက် ရိတ်သိမ်းပွဲ ၌ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က စိုက်ပျိုးရေ သွင်းအားစု နှင့် သဘာဝမြေဩဇာကို စနစ်တစ်ကျ အသုံးပြုရန် လိုအပ်ချက်များ ၊ ပြောင်းလဲလာသည့် ခေတ်မီစိုက်ပျိုးနည်းပညာများကို လေ့လာ အသုံးပြုရန် လိုအပ်ချက်များကိုလည်းကောင်း ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က တောင်သူ တစ်ဦးချင်း ဝင်ငွေတိုး၍ လူနေမှုဘဝမြင့်မားလာစေရေးအတွက်  တောင်သူ တွက်ခြေကိုက်မည့် အထွက်ကောင်း သီးနှံ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ချက်များ၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးများ က ရှင်းလင်းဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။




ထိုမှတဆင့် ဒုတိယဝန်ကြီးများ သည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်မည့် မျိုးစေ့ပြပွဲ ၂၀၂၃ ဖွင့်ပွဲ အခမ်းအနား ကျင်းပရန် ခင်းကျင်းပြင်ဆင်ထားသည့် ပြခန်းများ၊ သီးနှံစိုက်ခင်းများ နှင့် လယ်ယာသုံး စက်ကရိယာ ပြခန်းများကို လည်းကောင်း ၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝင်းအတွင်းရှိ (၁၉၂၃)ခုနှစ် က တည်ဆောက်ခဲ့သည့် နှစ်တစ်ရာ သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံများ ပြန်လည် ပြုပြင်မွန်းမံနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများ အား လိုအပ် ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။