“မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ဒုတိယနေ့ဆက်လက်ကျင်းပ
  • Fri, 10 February 2023

“မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ဒုတိယနေ့ဆက်လက်ကျင်းပ


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကျင်းပသည့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့ တွင်  ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပရာ ပြပွဲတွင် လယ်ယာသုံးစက်ကိရိယာပြကွက်၊ စိုက်ပျိုးရေစီမံခန့်ခွဲမှုစနစ်ပြကွက်၊ နေကြာစိုက်ခင်းနှင့် ပျားမွေးမြူရေးလုပ်ငန်းပြကွက်များ နှင့်အတူ ပုဂ္ဂလိကမျိုးစေ့ ကုမ္ပဏီ (၁၂)ခု ၏ ပြခန်းများ ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီ (၁၁)ခု တို့၏  ဆီထွက်သီးနှံများ၊ နှံစားသီးနှံများ ၊ ဟင်းသီးဟင်းရွက်စိုက်ကွင်း စိုက်ကွက်များဖြင့် ဝေဝေဆာဆာခင်းကျင်းပြသထားသည်။


ယနေ့ပြပွဲသို့ မျိုးစေ့ထုတ်လုပ်သူ မျိုးစေ့တင်သွင်း ရောင်းချသူပုဂ္ဂလိကများ၊ မျိုးစေ့ သုံးစွဲသူ တောင်သူ လယ်သမားများ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် စိုက်ပျိုးရေး သိပ္ပံ ကျောင်းမှ  ကျောင်းသား  ကျောင်းသူများ၊ မျိုးစေ့လုပ်ငန်းဆိုင်ရာ စိတ်ဝင်စားသူ ပြည်သူများ လာရောက်လေ့လာကြကြောင်းသိရသည်။



ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ပြပွဲရှင်းလင်းဆောင်ခန်းမ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ၏ အရည်အသွေးနှင့် အထွက်နှုန်း မြင့်မားရေး အတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မျိုးစေ့များ ကို တောင်သူများ အလွယ်တကူ သုံးစွဲနိုင်ရန် နှင့် မျိုးစေ့ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ပြပွဲများ ခင်းကျင်း ပြသရာတွင် ပြပွဲကာလမှာ အကန့်အသတ်ရှိသဖြင့် ရေရှည်ဆောင်ရွက်ရမည့် မျိုးစေ့ထုတ်လုပ်ငန်းများ တိုးတက် ပြောင်းလဲလာရေး အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာ ၊ ပျားမွေးမြူရေး ၊ စိုက်ပျိုးရေ ရရှိသုံးစွဲ နိုင်ရေး စသည့် ဆက်စပ်လုပ်ငန်းများပါဝင်နေသဖြင့် ဌာနများအားလုံး တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ မျိုးစေ့ကဏ္ဍ ဗဟိုချက်မ အဖြစ် နေပြည်တော်မှစတင်၍ တိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နိုင်ရေး ၊ နေကြာမျိုး အသစ်များ မျိုးမွေးမြူထုတ်လုပ်သည်မှ မျိုးသန့်ပွားများ ခြင်း၊ မျိုးဖြန့်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍ က အချိုးကျပါဝင် ဆောင်ရွက်ရေး၊ နည်းပညာရပ်ဆိုင်ရာ ရုပ်သံမှတ်တမ်းများ စနစ်တကျ ဆောင်ရွက်ထားရှိပြီး အများ ပြည်သူ အတွက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေး ပြောကြားသည်။



မျိုးစေ့ကဏ္ဍတွင်ပါဝင်ပတ်သက်သည့် မျိုးစေ့ ထုတ်လုပ်သူ ၊ တင်သွင်းရောင်းချသူ နှင့် သုံးစွဲသူများအကြား စီးပွားရေး ဆိုင်ရာ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်သူတောင်သူများ တွေ့ကြုံရသည့် သီးနှံမျိုး များ ဆိုင်ရာအရည်အသွေး အထွက်နှုန်း နှင့် ဈေးကွက် လိုအပ်ချက်ရှိမှုများ အပေါ် မျိုးစေ့ကုမ္ပဏီများက သုံးသပ်၍ အရည်အသွေးပိုမိုကောင်းမွန်သော မျိုးသစ်များ စိုက်ပျိုး ထုတ်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုး ထုတ်လုပ်သူတောင်သူနှင့် လုပ်ငန်းရှင်များအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာရေးတို့ကို ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကို ပျဉ်းမနား မြို့နယ် စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝင်း ၌ ဖေဖော်ဝါရီလ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ခင်းကျင်းပြသထား လျက်ရှိရာ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ လွတ်လပ်စွာ လေ့လာနိုင်ကြကြောင်း သတင်းရရှိ သည်။