စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  • Sat, 10 June 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တာဝန်ရှိသူအားလုံးက မျက်ခြေမပြတ် လေ့လာမှတ်သားပြီး လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေး နှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူ၍ ကျရာအခန်းကဏ္ဍ များက ကြိုတင်ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် ဌာနပေါင်းစုံပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထုတ်လုပ်မှု တိုးမြှင့်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့သည်။ 

ယင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး‌ ဒေါက်တာအောင်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များ၊ တက္ကသိုလ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက Online စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် လယ်ယာကဏ္ဍ၏ ဂျီဒီပီ တိုးတက်မှုနှုန်းကို ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိရေး လျာထားဆောင်ရွက်လျက်ရှိရာ လယ်ယာ ကဏ္ဍမှ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ သားငါးမှ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နှစ်အလိုက် လျာထားစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးသည် အရေးကြီးသကဲသို့ သီးထပ်စွမ်းအား မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ငွေဖြင့် နွေစပါးနှင့် ဆောင်းပဲတီစီမ်း သီးနှံများကို အကောင်အထည်ဖော်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ လိုအပ်ချက်များ ကို ပြန်လည်ပြင်ဆင်ပြီး လာမည့် မိုးစပါးရာသီတွင် အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ တိရစ္ဆာန်အစာပင်များ စိုက်ပျိုး၍ လှန်ကျောင်းလွှတ်ကျွေးသည့်စနစ်မှ လှောင်မွေးရိတ်ကျွေး သည့်စနစ်ကို အားပေးရန်ဖြစ်ကြောင်း၊ အလားတူ လက်ရှိရေထွက်ပစ္စည်းထုတ်လုပ်မှုကို ဖမ်းဆီး ထုတ်လုပ်ခြင်းထက်၊ ငါး၊ ပုဇွန်မွေးမြူရေးထုတ်လုပ်တင်ပို့မှု တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး ပြောင်းလဲကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့က ဆောင်ရွက်ပြီး လုပ်ငန်းအတွေ့အကြုံများကို သုံးသပ်ဆွေးနွေးပြီး ဦးစီးဌာနအလိုက် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် လယ်ယာကဏ္ဍဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိ့သူများက‌ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်ရရှိခဲ့ပါသည်။