(၂၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ကျင်းပ
  • Thu, 15 June 2023

(၂၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ကျင်းပ


စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၂၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်း ဆွေးနွေးပွဲကို “စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စု ဝန်ကြီးရုံးစုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ပါသည်။




ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးကို စိုက်ပျိုး စွမ်းအားဖြင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ပထမအဆင့် ဦးစားပေးအနေဖြင့် အဓိကသီးနှံ ၁၀ မျိုး၏အထွက်နှုန်းတိုးတက်စေရန်အတွက် သက်ဆိုင်ရာဦးစီးဌာနများက ကဏ္ဍအလိုက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလုပ်သမားရှားပါးလာသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း၍ ထွန်ယက်ခြင်းမှ ရိတ်သိမ်း သည်အထိ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနိုင်ရေး၊ စနစ်တကျ လယ်ယာမြေများ ဖော်ထုတ် နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးသည် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန် အဓိကကျသည့်အတွက် ရေကိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်မှသာ စိုက်ပျိုးရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီးနှံအထွက် တိုးတက်စေရေးနှင့် သီးနှံစိုက်စွမ်းအားမြင့်မားစေရေးအတွက် သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေး သည်လည်း အရေးကြီးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတိုးတက်စေရန် မဖြစ်မနေလိုအပ်သဖြင့် ခေတ်မီနည်းပညာများ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေးကို ထိရောက်စွာအသုံးချပြီး အရည်အသွေးပြည်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်းပြောကြားသည်။






ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက တာဝန်ယူဆောင်ရွက်ပြီး ဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက မြေသယံဇာတ၊ ရေသယံဇာတနှင့် မြေယာအသုံးချမှုအခြေအနေ၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ နွေးစပါး၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းများနှင့် ပတ်သက်သည့် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြေတစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်နိုင်စွမ်းတိုးတက်ရန် ဆောင်ရွက်သင့်သည့်အချက်များ၊ ရေရရှိရေးဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှုလယ်ယာကူးပြောင်းရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းများ၊ သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေး အကြံပြုကြကြောင်း သတင်းရရှိခဲ့ပါသည်။