မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပ
  • Wed, 19 July 2023

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပ


မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(National Seed Committee-NSC) ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြုရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(NSC) ဥက္ကဌ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) များမှ အဖွဲ့ခေါင်းဆောင်များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ(TSC) တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။



အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (NSC) ဥက္ကဌ ဒုတိယဝန်ကြီးက မျိုးစေ့ဆိုင်ရာ၊ မြေဩဇာဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ညွှန်ကြားချက်များသည် သက်ဆိုင်ရာလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် စနစ်တကျဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြင့်တင် ရေးအတွက် ဥပဒေပြဌာန်းဆောင်ရွက်ထားခြင်းအပေါ် လယ်ယာကဏ္ဍ ပါဝင်ပတ်သက်သူများ အားလုံးထဲထဲဝင်ဝင် သိရှိနားလည်ပြီး တိတိကျကျ လိုက်နာကျင့်သုံးရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မျိုးကောင်းမျိုးသန့်များထိန်းသိမ်းနိုင်ရေးနှင့် မျိုးသန့်များတွင်ကျယ်စွာ အသုံးပြုနိုင်ရန် သုတေသနကဏ္ဍ တာဝန်ရှိသူများ၊ ပုဂ္ဂလိကနှင့် တောင်သူလယ်သမားများပူးပေါင်း၍ ဒေသတွင်းနှင့် နိုင်ငံတကာ၏ မျိုးစေ့ကဏ္ဍ ဖွံဖြိုးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။



ထိုနောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ဦးသီဟထွန်းက ပုဂ္ဂလိကကုမ္ပဏီများမှ အသိအမှတ်ပြုလက်မှတ်ရရှိရန်အတွက် တင်သွင်းလာသော မျိုးသစ်များကို တင်ပြ၍ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့ဝင်များက ဆွေးနွေးပေးခဲ့သည်။




အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သော မျိုးစေ့များကို တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေး အတွက် ပြည်တွင်းမျိုးစေ့ထုတ်လုပ်မှု ဖွံဖြိုးလာရေးနှင့် မျိုးစေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တိုးတက်ဝင်ရောက်လာရေးကို စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အနေဖြင့် မျိုးသစ်များမှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ မျိုးသစ် အသိအမှတ်ပြု လက်မှတ်ရရှိ ပြီးသောမျိုးများ တင်သွင်းဖြန့်ဖြူး တင်ပို့ခြင်းလုပ်ငန်းများလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် မျိုးစေ့စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် မသမာမှုများကာကွယ်နိုင်ရေး အတွက် မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ထိန်းကြောင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။




သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee-TSC)  တို့၏အဆင့်ဆင့်တင်ပြချက်များကို အခြေခံကာ  မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လအထိ လယ်ယာသီးနှံ (၆၃၂) မျိုး၊ ဥယျာဉ်ခြံသီးနှံ (၇၁၆) မျိုး၊ စက်မှုသီးနှံ (၁၂၇) မျိုးနှင့် မိဘမျိုးလိုင်း (၁၇၅)စုံ၊ စုစုပေါင်းမျိုးသစ် မျိုးများ (၁၆၁၄) မျိုးကို မျိုးသစ်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် သီးနှံ (၈) မျိုးရဲ့ မျိုးသစ်မျိုးကွဲ (၂၉) မျိုး၊ Document အပြည့်အစုံဖြင့် တင်ပြမည့် သီးနှံ (၁၁) မျိုးရဲ့ မျိုးကွဲ (၃၁) မျိုးနှင့် မိဘမျိုးလိုင်း (၁၂) စုံ၊ စုစုပေါင်းမျိုးသစ်မျိုးကွဲ (၇၁) မျိုးတို့နှင့်စပ်လျဉ်း၍ မျိုးသစ် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါ သည်။