မြေဩဇာကော်မတီ ၏ (၃၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Tue, 25 July 2023

မြေဩဇာကော်မတီ ၏ (၃၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇူလိုင်(၂၅)

မြေဩဇာကော်မတီ၏ (၃၉) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မြေဩဇာကော်မတီဥက္ကဋ္ဌ  ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ် နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ ၊ မြေဩဇာကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ် က အမှာစကား ပြောကြားရာ၌ ဓါတ်မြေဩဇာ အသုံးပြုရာတွင် ပိုမိုထိရောက်မှု ရှိစေရန်နှင့် မြေဆီမြေနှစ်များ ထိန်းသိမ်း ပေးနိုင်ရန် သဘာဝမြေဩဇာ၊ မြေဆွေး နှင့် သစ်စိမ်း မြေဩဇာများ မဖြစ်မနေ တွဲဘက်အသုံးပြုရန် လိုကြောင်း၊ Biomass ပေါများသော မိမိတို့ နိုင်ငံ တွင် မြေဆွေးကို ပေါပေါများများ ထုတ်လုပ်သုံးစွဲရန် လိုကြောင်း၊ ဓါတ်မြေဩဇာ လုပ်ငန်းသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတွင် အရေးပါသည့်လုပ်ငန်း တစ်ခု ဖြစ်သကဲ့သို့ အသေးစား အငယ်စား နှင့် အလတ်စား (MSME) လုပ်ငန်း အနေဖြင့်လည်း နိုင်ငံစီးပွား မြှင့်တင်ရေးတွင် အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသဖြင့်  တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြေဩဇာထုတ်လုပ် ၊ တင်သွင်း ၊ သိုလှောင် ၊ ဖြန့်ဖြူး ရောင်းချသူများ ၏ ရင်းနှီးမြုပ်နှံမှု တိုးတက်ရေး အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အလားတူ ပြည်တွင်း၌ ဓာတ်မြေဩဇာ စက်ရုံ တည်ထောင် လုပ်ကိုင်လိုပါကလည်း လုပ်ထုံး လုပ်နည်း များနှင့်အညီ ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုများ ရောင်းဝယ် ဖောက်ကားခြင်းကို ဇုန်ဧရိယာသတ်မှတ် ဆောင်ရွက်ရန် လိုအပ်ပါက သက်ဆိုင်သူများနှင့် ဆွေးနွေးအဖြေရှာပြီး စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ ၏ စိစစ်ထောက်ခံချက်ဖြင့် ဆက်လက် တင်ပြလာသည့် မြေဩဇာမှတ်ပုံတင် ထုတ်ပေးရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြရာ မြေဩဇာကော်မတီအဖွဲ့ဝင်များ က သက်ဆိုင်ရာကဏ္ဍများအလိုက် သုံးသပ် ဆွေးနွေးခဲ့ကြသည်။
မြေဩဇာကော်မတီ ၏ (၃၈) ကြိမ်မြောက်အစည်းအဝေး အထိ မြေဩဇာမှတ်ပုံတင် စုစုပေါင်း (၁၀၁၇၀) စောင်ကို  ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။