ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းအတွက် သွင်းအားစုများ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး
  • Fri, 4 August 2023

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းအတွက် သွင်းအားစုများ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး


ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုပစ္စည်းဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၃) ရက်နေ့က နေပြည်တော် ရုံးအမှတ်(၄၃)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး သွင်းအားစုပစ္စည်းဆိုင်ရာကော်မတီ ဥက္ကဌ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံမျိုးစေ့ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံမျိုးစေ့အသင်းတို့မှ ဥက္ကဌများနှင့် လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြ ကြောင်း သိရှိရပါသည်။




ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး သွင်းအားစုပစ္စည်းဆိုင်ရာကော်မတီ ဥက္ကဌ စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြော ကြားရာတွင် မြန်မာနိုင်ငံ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် မြေပဲ ဧက(၃)သန်း၊ နှမ်းဧက(၃.၇)သန်း၊ နေကြာ(၁)သန်းခန့်ရှိပြီး ပြည်တွင်း ဆီစားသုံးမှုဖူလုံစေရန် တစ်ဧက၏ ဆီထုတ်လုပ်မှုအမြင့်ဆုံးရနိုင်သည့် နေကြာသီးနှံကို (၁.၅) သန်း စိုက်ပျိုးနိုင်ရေး အားပေး‌ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေအနေပေးသည့် ဒေသများတွင် နေကြာသီးနှံကို စိုက်ပျိုးရာသီအလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကာ နေကြာသီးနှံ ဧက(၄)သန်းအထိ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက် ရှိပါကြောင်း၊ နေကြာစိုက်ပျိုးသူ တောင်သူများ မျိုးစေ့နှင့် သွင်းအားစုများ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နွေစပါးနှင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် သွင်းအားစုများ အသုံးပြုနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ပေးသကဲ့သို့ နေကြာ၊‌ မြေပဲနှင့် နှမ်း တိုးချဲ့စိုက်ပျိုးခြင်းအတွက် အလားလာကောင်းသည့် ဒေသအလိုက် ဧရိယာများ ရွေးချယ်သတ်မှတ်ပြီး သွင်းအားစုများ အသုံးပြုနိုင်ရေး ကူညီထောက်ပံ့ပေးနိုင်ရန် သက်ဆိုင်ရာ အစုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီးကြောင်း၊ အထွက်နှုန်း ကောင်းမွန်သည့် မျိုးများပြောင်းလဲ အသုံးပြုနိုင်ရေး၊ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဌာနများအကြား ပူးပေါင်းကာ သီးထပ်စွမ်းအားတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြေားကြားခဲ့ပါသည်။




ထို့နောက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး သွင်းအားစုပစ္စည်းဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ မျိုးစေ့ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးသီဟထွန်း က ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအားရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ ပါသည်။