လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  • Thu, 17 August 2023

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


လက်ဖက်စိုက်ပျိုးရေးနှင် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လက်ဖက်အသင်းဥက္ကဌများနှင့် အလုပ်မှုဆောင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ လက်ဖက်သီးနှံစိတ်ဝင်စားသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြပါသည်။



ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ဖက်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး ကမ္ဘာ့လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၏(၆၀) ရာခိုင်နှုန်းကို လုပ်ကွက်ငယ် တောင်သူများက ထုတ်လုပ်နေခြင်းဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အရေးပါသောအခန်းကဏ္ဍက ပါဝင်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံသည် လက်ဖက်ပေါက်ရောက်ရာမူရင်းဒေသများအနက် တစ်ခုဖြစ်ပြီး မိရိုးဖလာစိုက်နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ  ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုး၍ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် စာရင်းများအရ စုစုပေါင်းလက်ဖက်အထွက် ပိဿာ (၆၉) သန်းခန့်ရှိ့ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ဖက်ကို ပြည်ပသို့တင်ပို့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ (၂ဒသမ ၅)သန်းခန့်ရရှိခဲ့သည်ဟု သိရှိရကြောင်း၊ ၁၉၉၁-၁၉၉၂ ခုနှစ်မှစတင်၍ လက်ဖက်တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးကို အမျိုးသားစီမံကိန်းအစီအစဉ်ဖြင့် ကာလတို (၅) နှစ် စီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အထိ လက်ဖက်စိုက်ပျိုးသည့်ဧရိယာ ဧက (၂ ဒသမ ၃၉) သန်းအထိ တိုးချဲ့စိုက်ပျိုးထားလျက်ရှိကြောင်း၊ တစ်ဧကပျမ်းမျှ အထွက်နှုန်း မှာ စီမံကိန်းမစတင်မီ ပိဿာ (၂၃၀)ပိဿာခန့်ထွက်ရှိရာမှ စီမံကိန်းကာလနောက်ပိုင်းတွင် (၂၇၅) ပိဿာခန့် ထွက်ရှိလာသည်ကို တွေ့ရှိရသော်လည်း နိုင်ငံတကာအထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက နည်းပါးနေသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ဧရိယာများ တိုးချဲ့သကဲ့သို့ တစ်ဧကအထွက်နှုန်း တိုးတက်လာစေရန် မျိုးပြောင်းလဲခြင်း၊ စိုက်ပျိုးနည်းစနစ်များ သွင်းအားစုထည့်သွင်းမှုများ၊ အပင်ပိုးမွှားရောဂါ  ကာကွယ်နှိမ်နင်းခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်းတို့တွင် နည်းပညာပေးခြင်း၊ ကိုင်းဖြတ်ပြုပြင်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ လိုက်နာဆောင်ရွက်ခြင်း စက်ကိရိယာများပိုမိုသုံးစွဲခြင်း စသည့်လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက် လာကြစေရန်  ကြိုးပမ်းရာတွင် အဓိကကျသော ပုဂ္ဂလိကကဏ္ဍဖြစ်သည့် မြန်မာနိုင်ငံလက်ဖက်အသင်း နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ လက်ဖက်များကို လက်ဖက်အစို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင် စသောတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆန်းသစ်တီထွင်သောနည်းလမ်းများဖြင့် ထုတ်လုပ်ရန်လိုအပ်လျက်ရှိကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှု အတွေ့အကြုံများကို အခြေခံပြီး လက်ဖက်တစ်ဧက အထွက်နှုန်းတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်လက်ဖက်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရေးအတွက် နည်းပညာပိုင်း၊ မူဝါဒပိုင်းနှင့် နည်းဗျူဟာပိုင်း အားကောင်းစေရန်အတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးအကြုံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန ၊စိုက်ပျိုးရေးသုသတေသနဦးစီးဌာနတို့မှ  ညွှန်ကြားရေးမှူးချုပ်များက အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊ စားသုံးမှု၊ ပြည်ပတင်ပို့မှု မျိုး၊ မြေဩဇာသုံးစွဲမှု အကြံပြုချက်နှင့် သုတေသနရှုထောင့်မှ အမြင်များကို ရှင်းလင်းဆွေးနွေးကြပြီး၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များ ဖြည့်စွက်မွမ်းမံ သင်ကြားပေးနိုင်သော ဘာသာရပ်များနှင့် စိုက်ခင်းစတင်ချိန်မှစ၍ ကြုံတွေ့ရသည့်ပြဿနာများကို ဇီဝဗေဒေ၊ လူမှုရေး၊ စီပွားရေးရှုထောင့်ပေါင်းစုံမှ တင်ပြဆွေးနွေး ကြသည်။

ယင်းနောက် အုပ်စုအလိုက်ဆွေးနွေးခြင်း (SWOT Ananlysis) အစီအစဉ်တွင် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ မျိုး၊ မြေဩဇာသုံးစွဲမှု အကြံပြုချက်နှင့် သုတေသနဆောင်ရွက်မှု ပြုပြင် လုပ်ဆောင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာ ဘေးအန္တာရာယ်ကင်းရှင်းစေခြင်း ပြည်တွင်းအသုံးပြုမှုနှင့် ပြည်ပကုန်သွယ်မှုခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလက်ဖက်အသင်းမှ ကျွမ်းကျင်သူများနှင့် လက်ဖက်ပညာရှင်များ ပါဝင် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က မြန်မာနိုင်ငံလက်ဖက်တန်ဖိုးကွင်းဆက်မြှင့်တင်ရေး လမ်းပြမြေပုံရေးဆွဲခြင်းနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြပြီး၊  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က  နိဂုံးချုပ်အမှာစကား  ပြောကြားခဲ့ပါသည်။

အမယ်သစ် ပြည်ပပို့ကုန်အဖြစ် အလားအလာကောင်းသည့် လက်ဖက်သီးနှံကို ဇုန်နယ်မြေများ သတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လက်ဖက်တန်ဖိုးကွင်းဆက် တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း နှင့်လက်ဖက်တန်ဖိုးကွင်းဆင်း မြှင့်တင်ရေးလမ်းပြမြေပုံကို ရေးဆွဲခြင်းကို ဝန်ကြီးဌာန လက်ဖက် ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ လက်ဖက်ပညာရှင်များ၊ ဆွေးနွေးအဖြေရှာပြီး အသေးစိတ် အစီအစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။