ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကလောမြို့နယ် ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
  • Sun, 3 September 2023

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကလောမြို့နယ် ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်း ပညာဌာနခွဲ၊ ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က မိုးရာသီ သီးနှံမျိုးစေ့ ထုတ်လုပ်ငန်းနှင့် သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေများ အာလူးမျိုးပွားခြင်းလုပ်ငန်း ရေဆင်း(၁) စပ်မျိုးနေကြာ၊ ဘာစမာတီနှင့် ရွှေရင်အေးမျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး မျိုးအာလူးနမူနာများနှင့် ဟဲဟိုးဥယျာဉ်ခြံအတွင်း လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းတို့သည် ဟဲဟိုးစိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများကို တွေ့ဆုံ၍ သင်ကြားမှု သင်ယူမှု လုပ်ငန်းဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်ဆောင်များတွင် သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှု၊ စားရိပ်သာများ အိပ်ဆောင်များ၊ မွေးမြူရေးလက်တွေ့သင်တန်းဆောင်များနှင့် လက်တွေ့ကွင်းဆင်းလုပ်ငန်းများကို ကြည့်ရှု အားပေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမျိုးသန့်ခြံ၏ ယာစပါးမျိုးခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားရှိမှုနှင့် ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ်စိုက်ခင်းတို့ကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သတင်းရရှိခဲ့ပါသည်။