ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တပ်ကုန်းမြို့နယ်နှင့်ရမည်းသင်းမြို့နယ်ရှိ တောင်သူ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု
  • Sun, 10 September 2023

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တပ်ကုန်းမြို့နယ်နှင့်ရမည်းသင်းမြို့နယ်ရှိ တောင်သူ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် ယမန်နေ့က တပ်ကုန်းမြို့နယ် ညောင်ငါးပင်ရွာရှိ တောင်သူ ဦးဇော်မိုး၏ ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်မျိုးစေ့ထုတ် စိုက်ကွင်းသို့ ရောက်ရှိကြပြီး အစေ့အဆန်ပြည့်ဖြိုးသည့် နေကြာပွင့်များကို ကြည့်ရှု့စစ်ဆေးကာ နောက်ရာသီတွင် မျိုးပွား စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ချည်မျှင်ရှည်ဝါ ပန်းတိုင် အထွက်နှုန်း တစ်ဧကပိဿာ ၇၀၀ ထွက်ရှိရေး စံပြကွက် ၁၀ ဧကစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဝါစိုက်တောင်သူများ တွက်ခြေကိုက်စေမည့် အထွက်နှုန်းနှင့် ဝါဂွမ်းအရည် အသွေးကောင်းမွန်ရေးအတွက် လိုအပ်သောနည်းပညာနှင့် အကူအညီများကို ဌာနဆိုင်ရာများက ကူညီပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဝါမျိုးကောင်းမျိုးသန့်များဖူလုံစွာ အသုံးပြုနိုင်ရန် ဝါမျိုးစေ့ ထုတ်လုပ်လုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေးမှာ ကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် သာစည်ကျေးရွာရှိ ရွှေဒါး မျိုးသန့်ခြံ၌ ဝါမျိုးသန့် ရှစ်မျိုးစမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် အပင်ဖြစ်ထွန်းမှု၊ ဝါဂွမ်းအရည် အသွေးနှင့် ဝါချည်မျှင်ပမာဏတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။