မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  • Thu, 14 September 2023

မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


မက္ကဒေးမီယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံမက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ၊ မက္ကဒေးမီးယားထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မက္ကဒေးမီးယား သီးနှံစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပုဂ္ဂလိကလုပ်ငန်းရှင်များက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွဋ်က မက္ကဒေးမီးယားသည် နှစ်ရှည်ပင် ဖြစ်သောကြောင့် မျိုးရွေးချယ်မှု မှန်ကန်ရန်လိုအပ်ပြီး၊ အရည်အသွေးမီ ပျိုးပင်များ ထုတ်လုပ်စိုက်ပျိုးရန် အရေးကြီးကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မြေယာအသုံးချမှုအပါအဝင် ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်ရေး ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ မက္ကဒေးမီးယားသီးနှံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စေရေးအတွက် ဌာနနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြရန်နှင့် ခေတ်စနစ်နှင့်လျော်ညီသည့် အမျိုသား အဆင့် မက္ကဒေးမီးယားဆိုင်ရာ မဟာဗျူဟာတစ်ရပ် ဖော်ဆောင်နိုင်ရေး မျှော်မှန်းကြိုးပမ်းကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မျိုးရွေးချယ်ခြင်း၊ အပင်ပြုစုထိန်းသိမ်းနည်း၊ သွင်းအားစု၊ မြေယာရရှိနိုင်မှု ခေါင်းစဉ်ကို လည်းကောင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် မက္ကဒေးမီးယား အခြေခံတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်မှု အခြေအနေခေါင်းစဉ်ကိုလည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် မက္ကဒေးမီးယားဆိုင်ရာသုတေသနလုပ်ငန်းများ ဖွံ့ဖြိူးတိုးတက်ရေး ခေါင်းစဉ်ကိုလည်းကောင်း၊ ဈေးကွက်ရရှိရေး ခေါင်းစဉ်ကိုလည်းကောင်း အုပ်စုအလိုက်ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ မက္ကဒေးမီးယားကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် စုစုပေါင်းဧရိယာ ဧက ၁၂၀၀၀ ကျော် တိုးချဲ့ စိုက်ပျိုးထားရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသီးစိမ်းအထွက် ၂၁၀၇ တန်ထွက်ရှိကာ အဆန်တန်ချိန် ၄၂၁ တန်ကျော်ထွက်ရှိကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယားသီးနှံကို စီးပွားဖြစ် ကုန်ချောအဖြစ် အသေးစား၊ အငယ်စားနှင့် အလတ်စားကုမ္ပဏီများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးသူများသို့သာ အဓိကရောင်းချလျက်ရှိကာ ပြည်ပပို့ကုန် အနေဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်၍ အိမ်နီးချင်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ထူးကဲကောင်းမွန်သည့် စားသုံးမှု အတွေ့အကြုံကိုရစေပြီး ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေသည့် အာဟာရဓာတ်ကြွယ်ဝစွာပါရှိသော မက္ကဒေးမီးယားကို တိုက်ရိုက် စားသုံးခြင်းအပြင် ချောကလက်နှင့် မုန့်မျိုးစုံတွင် ထည့်သွင်းအသုံးပြုခြင်း၊ ဆီထုတ် အသုံးပြုခြင်းတို့ဖြင့် နိုင်ငံတကာဈေးကွက်တွင် အရေးပါသော ပို့ကုန်တစ်ခုအဖြစ် နေရာယူလျက်ရှိရာ ပြည်တွင်းမက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်းဆွေးနွေးပွဲတွင် ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များအကြား နည်းပညာရပ်ဆိုင်ရာများ အတွေ့အကြုံများ အမြင်ချင်းဖလှယ် ဆွေးနွေးသွား မည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။