ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပိုးချည်ထုတ်လုပ်ခြင်းနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
  • Wed, 13 September 2023

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပိုးချည်ထုတ်လုပ်ခြင်းနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့နံနက်ပိုင်းက ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးစာပင် စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးရောဂါစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု ပိုးတောင်သူ များသို့ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးနေမှု မိမျိုးဘမျိုး ၂၈ မျိုး၊ နိုင်ငံခြားပိုးမျိုး ၄၄ မျိုးနှင့် အရိုင်းစပ်မျိုးသစ် ၁၇ မျိုးတို့ကို မပျောက်ပျက်စေရန် နှစ်စဉ်ထိန်းသိမ်း စုဆောင်းထားရှိမှု၊ ပိုးမျိုးစပ်ခြင်း၊ ပိုးမျိုးများ၊ မျိုးစပ်ခြင်းသုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရာသီဥတုဒဏ်နှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပိုးမျိုးသစ်များရရှိရေး သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များ ပိုးမွေးမြူရေးလုပ်ငန်း အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပိုးစာပင်များစိုက်ပျိုးခြင်း၊ ပိုးမွေးမြူရေးသင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်ကြရန် လိုအပ်ချက်များ ဇီဝနည်းပညာဖြင့် ပိုးမျိုးသစ်များ မွေးမြူထုတ်လုပ်ရာတွင် သုတေသနပြုလုပ်ငန်း အချက်အလက်များကို စုဆောင်း၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာ ဧက ၁၀၀ ကို ကောင်းမြန်မာအောင် ကုမ္ပဏီလီမိတက်က ငှားရမ်းလုပ်ကိုင်နေသော ပိုးစာစိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးထွက်လူသုံးကုန်များ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် ရွှေဧရာနဒီ ကော်ဖီစက်ရုံ၏ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးချည်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ပိုးချည်ထုတ်လုပ်ခြင်းတိုးတက်ရေးအတွက် လိုအပ်သောမျိုးနှင့် နည်းပညာများ ဖြန့်ဝေနိုင်ရေးဆောင်ရွက်နေမှု၊ ချင်းပြည်နယ်မှ လာရောက် လေ့လာသင်ယူလျက်ရှိသော သင်တန်းသား သင်တန်းသူများ၏ လက်တွေ့ ပိုးချည်ထုတ် လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနမှ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် စဉ့်ကိုင်မြို့နယ် ပလိပ်ကြားစခန်းရှိ မြန်မာ့ဩဘာလယ်ယာသုံး သွင်းအားစုများ သိုလှောင်ထားရှိမှု တမာပိုးသတ်ဆေးစက်ရုံ(ပလိပ်)တွင် မြန်မာရွှေသီးနှံကုမ္ပဏီလီမိတက်မှ ပြည်တွင်းထွက် တမာကုန်ကြမ်းများဖြင့် တမာပိုးသတ်ဆေး တိုးချဲ့ထုတ်လုပ်ရေး အရည်အသွေးမီ ရွက်ဖြန်းမြေဩဇာနှင့် အော်ဂဲနစ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။