ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အကြိမ်(၄၀)မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး (၂၂) မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေး
  • Tue, 12 September 2023

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အကြိမ်(၄၀)မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး (၂၂) မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေး


ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အကြိမ်(၄၀) မြောက် အစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးက သီးနှံအထွက်နှုန်း တိုးတက်စေရေး အထောက်အကူပြု သွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးသုံးစွဲရာ၌ အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် စိစစ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကိုလည်း စနစ်တကျ ပိုမိုကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးတွေ့ရှိမှုသည် မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုအခွင့်အလမ်းများ လျော့ကျနိုင်သည်ကို အထူးသတိထား၍ ပိုးသတ်ဆေး အမျိုးအစားတစ်မျိုးချင်းစီအပေါ်တွင် ရှု့ထောင့်မျိုးစုံမှ ပြန်လည်သုံးသပ်ပြီး ဓာတ်ကြွင်းများကြောင့် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တာရာယ် ကင်းစင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် အလေးနက်ထားဆောင်ရွက်ကြစေလိုကြောင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို သုံးစွဲရာတွင် တောင်သူကြီးများ ဝယ်ယူသုံးစွဲသည့်အချိန်မှ စိုက်ခင်းအတွင်းသုံးစွဲသည့်အချိန်ထိ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နည်းပညာပေးရန် လိုအပ်နေကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကိုလည်း ဓာတုဆေးဝါးများကို မှီခိုနေရသည့် အခြေအနေမှ ကျန်းမာသောဂေဟစနစ်ကို အခြေခံသည့် စိုက်ပျိုးရေး ဖြစ်စေရန် တောင်သူလယ်သမားများနှင့် အတူပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဦးဇော်လင်းက အစည်းအဝေးတွင်းဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို ဖက်ကြားတင်ပြရာ အစည်းအဝေးတက်ရောက်လာသူများက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြသည်။

သီးနှံပိုးမွှားများကြောင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေး ထိခိုက်မှုမရှိစေရန် အထောက်အကူပြု စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ အရည်အသွေးပြည့်မီရန်၊ အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာအသုံးပြုနိုင်ရန် တည်ဆဲပိုးသတ်ဆေးဥပဒေနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့သည် အကြိမ်(၄၀)မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်ပြီး တင်ပြလာသည့် ပိုသတ်ဆေး (၁၂၂) မျိုးကို အတည်ပြုပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။