"ပဲမျိုးစုံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ
  • Fri, 6 October 2023

"ပဲမျိုးစုံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ


ပဲမျိုးစုံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။




ဆွေးနွေးပြောကြား

    စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မြန်မာ့ပဲမျိုးစုံတန်ဖိုးကွင်းဆက် မြှင့်တင်ရေးလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) သည် ပဲမျိုးစုံသီးနှံများ၏ တန်ဖိုးကွင်းဆက်တစ်လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်နှင့် လက်ရှိအခြေအနေများကို ဆန်းစစ်လေ့လာခြင်း၊ ပဲမျိုးစုံကဏ္ဍတွင် တွေ့ကြုံနေရမှုများနှင့် စိန်ခေါ်မှုအခြေအနေများကို လေ့လာပြီး “အားလုံးပါဝင် သော ချိတ်ဆက်မှုအားကောင်း၍ ကြံ့ကြံ့ခံနိုင်ပြီး နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းရှိသော အသိအမှတ်ပြုသည့် ပဲမျိုးစုံတန်ဖိုးကွင်းဆက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ပဲမျိုးစုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်” မျှော်မှန်းဆောင်ရွက်ခြင်းအပေါ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းရန်လိုကြောင်းနှင့် အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုများကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်နိုင်မည့် အချက်များ ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

အကြံပြုဆွေးနွေး

    ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခဒေါက်တာ ယုယုထွန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနမှူး ဒေါက်တာ မာမာဝင်း၊ စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ဝင်းတို့က မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်အတွက် အရည်အသွေးမြင့် ဈေးကွက်ဝင် ပဲမျိုးကောင်းမျိုးသန့်များ ရရှိရေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တွင်ကျယ်စွာသုံးနိုင်ရန်ဝန်ကြီးဌာနမှ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်မှုလယ်ယာစနစ်ကို တိုးမြှင့်နိုင်ရေး ဆောင်ရွက်ခြင်း၊ ရေကိုအကျိုးရှိထိရောက်စွာ အသုံးချရေး နည်းပညာများပံ့ပိုးခြင်း၊ မြေယာလုပ်ပိုင်ခွင့် ခိုင်မှုရှိစေရေးဆောင်ရွက်ပေးခြင်း၊ အသေးစား၊ အလတ်စား ချေးငွေများနှင့် သီးနှံအာမခံများရရှိနိုင်ရေး ဆွေးနွေးဆောင်ရွက်ခြင်းနှင့် ဈေးကွက်အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက မေးမြန်းသုံးသပ် အကြံပြုဆွေးနွေးကြသည်။

    ကမ္ဘာ့ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုအများဆုံးနိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံ၌ ပဲမျိုးစုံစိုက်ဧက ဟတ်တာ ၃ ဒသမ ၉၅ သန်းရှိပြီး အာဆီယံနိုင်ငံများတွင် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုအများဆုံးနှင့် တင်ပို့မှုအများဆုံး နိုင်ငံအဖြစ်ရပ်တည်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတန်ချိန်အနေဖြင့် တန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့ခြင်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရရှိခဲ့ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး သုံးခုရှိ ဆောင်းပဲတီစိမ်းသီးနှံ လျာထားဧရိယာ ၄၈၄,၃၉၃ ဧကအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၄၀ ဒသမ ၂၉၆ ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။


Source; www.moali.gov.mm