ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
  • Thu, 26 October 2023

ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရန်၊ ထောပတ်သီးနှံမှ ပြည်ပပို့ကုန် ဝင်ငွေတိုးမြှင့် ရရှိစေရန်နှင့် ထောပတ်သီးနှံ၏ တန်ဖိုးကွင်းဆက်တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်ကျင်းပ သည့် “ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံထောပတ် အသင်း တာဝန်ရှိသူများ တက်ရောက်ကြပြီးတိုင်းဒေသကြီး၊ ပြည်နယ်များမှ လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့် ထောပတ်စိုက်ပျိုးထုတ်လုပ်သူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရေမြေရာသီဥတုတွင် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော် အစိုးရက အားပေးမြှင့်တင်လျက်ရှိပြီး အရည်အသွေးကောင်းသော မြန်မာ့ထောပတ်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာ ရရှိရေးတို့အတွက် အလေးထားဆောင်ရွက် သွားလျက်ရှိကြောင်း၊ ထောပတ်သီးနှံကို ကမ္ဘာ့ကုန်သွယ်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် နှစ်ထောင့်လေးရာခန့်၊ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ခုနစ်ရာကျော်ခန့်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗြိတိန်နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ တင်ပို့သည့် ပမာဏ ၃ ဆကျော် လျော့ကျသွားခြင်းကို သေချာစွာဆန်းစစ် လေ့လာရန် လိုအပ်ပါကြောင်း။

နှစ်စဉ် ကမ္ဘာ့ထောပတ်သီး ဈေးကွက်ဝယ်လိုအား မြင့်တက်လာလျက်ရှိရာ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုးသစ်များတင်သွင်းခြင်း၊ ဒေသကိုက်ညီမှု သုတေသန များဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းပညာများ ကျင့်သုံးခြင်း၊ GAP နှင့် အော်ဂဲနစ် လက်မှတ်များရယူခြင်း၊ တန်ဖိုးမြင့် ထောပတ်သီးထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အလားတူထောပတ်သီးအနှစ်၊ ထောပတ်သီး အဆီ၊ အလှကုန်နှင့်ဆေးဝါးများ ထုတ်လုပ်ရန်ကုန်ကြမ်း စသည်ဖြင့် ဈေးကွက် တောင်းဆိုမှုအရ ဆန်းသစ်တီထွင်သောနည်းလမ်းများဖြင့် တန်ဖိုးမြင့် ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ပြီး ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းစေရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက “ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ထောပတ်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပိုင်းဆိုင်ရာ သုတေသနလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနမှ ထောပတ်သီးနှံပညာရှင်များ၊ မြန်မာနိုင်ငံ ထောပတ်အသင်း တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှလုပ်ငန်းရှင်များ၊ ထောပတ် စိုက်တောင်သူများက မြန်မာနိုင်ငံ ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု၊ ဈေးကွက် တင်ပို့ရောင်းချမှု၊ အရည်အသွေးထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ထောပတ်သီးနှံဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ ပြည်ပတင်ပို့ရေးဆိုင်ရာ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

ထောပတ်သီးနှံကို လွန်ခဲ့သည့် ၇၅ နှစ်ခန့်က စတင်၍ မြန်မာနိုင်ငံ၌ စိုက်ပျိုးခဲ့ရာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသတစ်ဝိုက်တွင် အဓိကစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ထုတ်လုပ်မှုအနေဖြင့် တန်ချိန်တစ်သိန်းခန့် ထွက်ရှိ ခဲ့ကြောင်း၊ ဗီတာမင်နှင့်သတ္တုဓာတ် အမျိုး ၂၀ ကျော်ခန့်ပါဝင်ပြီး အာဟာရဓာတ်ကြွယ်ဝသည့် ထောပတ်သီးနှံကို နိုင်ငံတကာ ဈေးကွက်တွင် ရေပန်းစားလျက်ရှိရာ အလားအလာကောင်းသော ပြည်ပပို့ကုန် အဖြစ် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။