၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
  • Mon, 16 October 2023

 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၆

     ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

     အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလေးထားကြိုးပမ်းဆောင်ရွက်


     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လူသားအားလုံး စားရေရိက္ခာဖူလုံမှုအတွက် အရေးပါမှုနှင့် စားရေရိက္ခာဖူလုံမှုမရှိပါက လူသားများ၏ ဘဝရပ်တည်မှုခက်ခဲသည်ကို သတိပြုမိပြီး အလေးထားကြိုးပမ်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ နှစ်စဉ်ကမ္ဘာ့နိုင်ငံအသီးသီးတွင် “ကမ္ဘာ့စားနပ် ရိက္ခာနေ့(World Food Day) အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပကြကြောင်း၊ ယခုနှစ်ကျင်းပသည့် အခမ်းအနား၏ဆောင်ပုဒ်မှာ “ရေသည် အသက်၊ ရေသည် ရိက္ခာ၊ တစ်ဦးတစ်ယောက်မချန်ရရှိစေရာ” (Water is Life, Water is Food. Leave no one behind) ဖြစ်ပါကြောင်း။

     ရေနှင့်စားနပ်ရိက္ခာသည် မိမိတို့လူသားများ နေ့စဉ်အသက်ရှင်သန်ရပ်တည်ရန် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပြီး ယခုနှစ်ပိုင်းထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာများအရ ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၄ ဘီလီယံသည် ရေရရှိရေးအခက်အခဲဖြစ်နေသည့် နိုင်ငံများတွင် နေထိုင်နေရသည်ဟု သိရှိရကြောင်း၊ ကမ္ဘာ့ရေအရင်းအမြစ်အားလုံး၏ ၂ ဒသမ ၅ ရာခိုင်နှုန်းကသာ ရေချိုဖြစ်သည့်အတွက် လူတိုင်းရေချိုကို ညီတူညီမျှရရှိရန် ခဲယဉ်းလျက်ရှိကြောင်း။

     ဆယ်စုနှစ်နှစ်ခုအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးများ၏ ၇၄ ရာခိုင်နှုန်းမှာ ရေနှင့်ဆက်နွှယ်လျက်ရှိပြီး စီးပွားရေးဆုံးရှုံးမှုအနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ ခန့်ရှိခဲ့ကြောင်း။

ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ပိုးပေး

     မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံခဲ့ပြီးဆန်ဖူလုံ မှု ၁၅၄ ဒသမ ၃၃ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှု ၅၁၂ ရာခိုင်နှုန်းအထိ ရရှိခဲ့သဖြင့် လယ်ယာထွက်ကုန်တင်ပို့မှုများသည် နိုင်ငံ၏စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၂၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ကိုယ်စားပြုနိုင်ခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း။

     မြန်မာနိုင်ငံအနေဖြင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူလွန်ကဲခြင်း၊ မြေပေါ်ရေကန်များ ဆောလျင်စွာခန်းခြောက်ခြင်း၊ မြေအောက်ရေများရေမျက်နှာပြင် နိမ့်ကျခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေနှင့်သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများတွင် ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရေးနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်နှင့်ရေတံခါးတို့မှ သိုလှောင်ရေအခြေအနေအပေါ်မူတည်၍ နွေစပါးစိုက်ပျိုးရေပေးဝေခြင်းနှင့် ဒေသတွင်းသောက်သုံးရေပေးဝေခြင်းများကို ကြိုတင်ချိန်ဆ ပြင်ဆင်ထားရှိစေပြီးဖြစ်ကြောင်း။

     ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းအထိရှိနေနိုင်သည့် အယ်လ်နီညိုသက်ရောက်မှုအတွက် ဒေသတွင်းနိုင်ငံ များနည်းတူ မိမိတို့နိုင်ငံအတွက်အကျိုးရှိနိုင်မည့် စီမံဆောင်ရွက်ချက်များကို ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

     ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) အတွင်းရေးမှူးချုပ်၏ ကမ္ဘာ့စားနပ် ရိက္ခာနေ့ (World Food Day) အထိမ်းအမှတ် အမှာစကား ဗီဒီယိုနှင့်ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အထိမ်းအမှတ် မြန်မာနိုင်ငံ၏စားရေရိက္ခာ ဖူလုံရေးဆောင်ရွက်ချက် မှတ်တမ်းတင်ဗီဒီယိုတို့ကို ပြသသည်။

ပြခန်းများကို ကြည့်ရှုအားပေး

     အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)အထိမ်းအမှတ်ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။