မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC–II) တွင် ကျင်းပ
  • Fri, 10 November 2023

မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC–II) တွင် ကျင်းပ


နေပြည်တော် ၊ နိုဝင်ဘာ ၉

မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC–II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ ရော်ဘာလုပ်ငန်းကဏ္ဍ ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ပြည်တွင်း Development Partner များ၊ ပညာရှင်များ၊ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာ့သဘာဝ ရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်း၊ ရော်ဘာအဝယ်ဒိုင်များ၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရည်ရွယ်ချက်(၃)ရပ်ဖြင့် ကျင်းပ

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် “မြန်မာရော်ဘာဖိုရမ် - ၂၀၂၃” ကို ရော်ဘာထုတ်လုပ်မှုနှင့် အရည်အသွေး တိုးတက်မြင့်မားရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရော်ဘာအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာစေရေးဆိုသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆောင်ပုဒ်မှာ “ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး၊ ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန် မြှင့်တင်ပေး”ဟု သတ်မှတ်ထားပါကြောင်း။

မိမိတို့နိုင်ငံတွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ စသည့် သီးနှံအမျိုးပေါင်း ၆၁ မျိုး၊ စုစုပေါင်း သီးနှံစိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း စိုက်ပျိုးထုတ်လုပ်လျက် ရှိပါကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုတွင် ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားရှိပြီး အစေးခြစ်ဧက တစ်သန်းနီးပါးမှ ရော်ဘာတန်ချိန် သုံးသိန်းကျော် ထွက်ရှိပါကြောင်း၊ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်း သုံးစွဲမှုအနေဖြင့် တန်ချိန်နှစ်သောင်း ကျော်ခန့်ရှိပြီး ပြည်ပကို တန်ချိန်သုံးသိန်းခန့် တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရေး လျာထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း။

ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ ကြားတွင် ရရှိခဲ့သည့်အတွက် ရော်ဘာ သီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသည့် စက်မှုသီးနှံတစ်ခုဖြစ်သည်ဟု ပြောကြားလိုပါကြောင်း၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန် အမယ်များတွင် ရော်ဘာလုပ်ငန်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရော်ဘာစတင်စိုက်ပျိုးထုတ်လုပ်သည်မှစ၍ မှိုင်းခံရော်ဘာပြားများ ထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများမှ ကုန်ချောများ ထုတ်လုပ်ခြင်း စသည့် လုပ်ငန်းစဉ် တစ်လျှောက်လုံး စနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်မှုများရှိရန် လိုအပ်ပါကြောင်း။

အားပေးကူညီ

မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့် ရော်ဘာစိုက်ပျိုးမှု သမိုင်းကြောင်း ရှိခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှုအပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အခြားသောနိုင်ငံများနည်းတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို မဟာဗျူဟာအစီအစဉ်များ ရေးဆွဲပြီး ကာလတို၊ ကာလရှည် စီမံကိန်းများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MSME နှင့် အကျုံးဝင်သည့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အားပေးကူညီရမည်ဖြစ်ကြောင်း၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရော်ဘာ စိုက်ပျိုးရေးသည် အဓိကကျကြောင်း၊ ရော်ဘာစတင်စိုက်ပျိုးသည်မှ အစေးထွက်ရှိသည့်အချိန်အထိ အချိန်ကာလအားဖြင့် ခုနစ်နှစ်ခန့် အချိန်ယူရကြောင်း၊ ကြိုတင်ပြင်ဆင်မှုကောင်းမှသာ ရော်ဘာကဏ္ဍ တိုးတက်စေမည်ဖြစ်ကြောင်း၊ မြန်မာစကားပုံကဲ့သို့ “အစကောင်းမှ အနှောင်းသေချာ” မည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုကြောင်း။

မြန်မာနိုင်ငံ၏ လက်ရှိရော်ဘာထွက်နှုန်းသည် တစ်ဧကပျမ်းမျှ ပေါင် ၇၀၀ ခန့်သာ ထွက်သည်ဟု သိရှိရပါကြောင်း၊ အထွက်နှုန်း လျော့နည်းခြင်းသည် ယခင်စိုက်ပျိုးထားသည့် အထွက်နှုန်း နည်းသည့် မျိုးဟောင်းများကြောင့် ဖြစ်သည့်အတွက် ပင်အိုပင်ဟောင်းများကို အစားထိုးစိုက်ပျိုးရန် လိုအပ်သည်ကို တွေ့ရပါကြောင်း၊ ဒေသအလိုက် ထောက်ခံထားသည့် မျိုးများအနက် တစ်ဧကလျှင် ပေါင် ၁၃၅၀ ခန့် ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးပြီးစီးမှုသည် စိုက်ဧကအားလုံး၏ ၂၆ ဒသမ ၈၃ ရာခိုင်နှုန်းခန့်သာ ရှိသေးသည့်အတွက် နောင်စိုက်ခင်းသစ်များ ဆက်လက်ထူထောင်ရာတွင် အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် ဖူးဆက်ပျိုးပင်များ သုံးစွဲစိုက်ပျိုးရေးကို အလေးပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် ချိန်ဆပြီး ရော်ဘာမျိုးကောင်းများ ပြောင်းလဲစိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ရန်သင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေးအတွက် သင့်တော်သည့် ရာသီဥတုနှင့် မြေနေရာများစွာရှိသည့်အတွက် ရော်ဘာတိုးချဲ့စိုက်ပျိုးရေးကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း မိမိတို့ ရေမြေသဘာဝနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ရော်ဘာအထွက်ကောင်းမျိုးများ မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သည့်သုတေသနများကို နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနက စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

မှန်ကန်သည့်နည်းစနစ်ကျင့်သုံး

ရော်ဘာတစ်ဧကအထွက်နှုန်း တိုးတက်ရုံတင်မက အရည်အသွေး ကောင်းမွန်စေရေးအတွက်လည်း ရော်ဘာအစေးခဲ လုပ်ငန်းစဉ်၌ မှန်ကန်သည့် နည်းစနစ်ကျင့်သုံးရေး၊ မှန်ကန်သည့် ဓာတုပစ္စည်းများသုံးစွဲရေး ပညာပေးခြင်း၊ အရည်အသွေး အာမခံချက်ရှိသည့် ရော်ဘာများ ထုတ်လုပ်နိုင်ရေး ရော်ဘာတောင်သူ အစုအဖွဲ့များ စုဖွဲ့လုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရော်ဘာ၏ အရည်အသွေးနှင့် အဆင့်အတန်း အာမခံချက်ရှိမှသာလျှင် ဈေးကွက်ရရှိနိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ရော်ဘာစိုက် တောင်သူများအားလုံး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အပိုင်းသုံးပိုင်းခွဲခြားဆောင်ရွက်

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှုဖူလုံအောင် ဆောင်ရွက်ရေး၊ ပိုလျှံသည့်ရော်ဘာများကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးအတွက် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာအခြေခံ ထုတ်ကုန် ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ရန် အခြေခံကောင်းများ ရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍကို အားပေးမှုမရှိခဲ့ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း စသည်တို့ကြောင့် ပြည်ပမှ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများ တင်သွင်းနေရခြင်းရှိနေပါကြောင်း၊ ဥပမာအားဖြင့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ အမေရိကန် ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်းနေရပါကြောင်း၊ ပြည်တွင်း၌ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာ ဈေးကွက်ရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့်အတွက် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေ ထုတ်လုပ်ရန် အလေးအနက်ထား တိုက်တွန်းရခြင်းဖြစ်ပါကြောင်း။

ယခုကျင်းပသည့် ရော်ဘာဖိုရမ်သည် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် ရော်ဘာဖိုရမ်မှ ရရှိခဲ့သည့် ဆွေးနွေးမှုရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြမည်ဟု သိရပါကြောင်း၊ ထို့ပြင် ဌာနအသီးသီးမှတာဝန်ရှိသူများ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် မြန်မာ့ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် လိုအပ်သည့်အကြံဉာဏ်များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဆွေးနွေးမှု ရလဒ်များထဲမှ နိုင်ငံတော်က ဖြည့်ဆည်းပေးရမည့်မူဝါဒ၊ လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက တာဝန်ယူရမည့်ကဏ္ဍများ၊ ရော်ဘာစိုက်တောင်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်းများကို ဖော်ထုတ်ပြီး တာဝန်ခွဲဝေကာ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ပူးပေါင်းအကောင်အထည်ဖော်

ယနေ့ကျင်းပသည့် “မြန်မာ ရော်ဘာဖိုရမ် (၂၀၂၃)” အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခု ရော်ဘာဖိုရမ်၌ပင် ဆွေးနွေးရုံနှင့်မပြီးဘဲ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာစိုက်တောင်သူများ စသည့် သက်ဆိုင်သူများအားလုံး အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က “မြန်မာရော်ဘာဖိုရမ် (၂၀၂၃)” ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ Video Clip ကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရော်ဘာစိုက်တောင်သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စိုက်ပျိုးရေးဦးစီးဌာန မြန်မာ့ရော်ဘာစိုက်ပျိုးမှုဆိုင်ရာ ပြခန်းများ၊ ရော်ဘာစိုက်ပျိုးရေးခြံသုံး စက်ပစ္စည်းပြခန်းများ၊ ပြည်တွင်းမှ ထုတ်လုပ်ထားရှိသည့် ကားတာယာများ၊ စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များနှင့် ရော်ဘာထုတ်ကုန် ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။




Source : စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန