ဧရာဝတီတိုင်းဒေသကြီး၌ အခြေအနေပေးသည့်ဒေသတွင် ကော်ဖီတိုးချဲ့ထုတ်လုပ်နိုင်ရေး အားပေးကူညီ
  • Fri, 10 November 2023

ဧရာဝတီတိုင်းဒေသကြီး၌ အခြေအနေပေးသည့်ဒေသတွင် ကော်ဖီတိုးချဲ့ထုတ်လုပ်နိုင်ရေး အားပေးကူညီ


သဘာဝပေါက်ပင်များ မျိုးစုံတည်ရှိပြီး သီးနှံအမျိုးမျိုးစိုက်ပျိုးဖြစ်ထွန်းသည့် ဧရာဝတီတိုင်း ဒေသကြီး၌ အခြေအနေပေးသည့် ဒေသတွင် ကော်ဖီတိုးချဲ့ထုတ်လုပ်သင့်ကြောင်း၊ ဂေဟစနစ်ခရီးသွား လုပ်ငန်းအပြင် ကော်ဖီခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးလာရန် အလားအလာကောင်းများ ရှိနေကြောင်း နိုဝင်ဘာ ၈ ရက်က ငပုတောမြို့နယ် ငရုတ်ကောင်းမြို့  မယ်ဇလီသစ်တောကြိုးဝိုင်း ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် MAGT ကုမ္ပဏီ လီမိတက်၏ ကော်ဖီဧက ၃၀၀ စိုက်ခင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငပုတောမြို့နယ် ငကွ  ကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၇(ပြင်)၊ တောင်နှာမောင်း(ပြင်)ကွင်းရှိ ပုဂ္ဂလိကရော်ဘာခြံ၏ ရော်ဘာထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ပီလောပီနံစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ပီလောပီနံမှ ပီလောပီနံအမှုန့်၊ သာကူစသည့် ကုန်ချောထုတ်လုပ်ခြင်းတွင် ခေတ်မီနည်းပညာများ အသုံးပြု နိုင်ရေး၊ ပီလောပီနံ စိုက်ပျိုးရာတွင် ပေါင်တင်ခြင်း၊ ရေသွင်း၊ ရေထုတ်ခြင်းနှင့် ကြားပေါင်းလိုက် ခြင်းတို့အတွက် လိုအပ်သည့် အသေးစားစက်ကိရိယာများပုံစံ ထုတ်ထုတ်လုပ်အသုံးပြုနိုင်ရေး တို့အတွက် စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသည်။

အလားတူ ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု ယင်းကတစ်ကျေးရွာ ယိုးဒယားအုန်းချိုမွှေး ဧက ၁၈၀ စိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ပန်းတနော်မြို့နယ် ဥတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းကို ကြည့်ရှု စစ်ဆေးအားပေးပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် သက်ဆိုင်သူများ အားလုံး ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်