နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃)အစည်းအဝေး ကျင်းပ
  • Sat, 25 November 2023

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃)အစည်းအဝေး ကျင်းပ


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာ တင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထူထောင်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာစေရန်၊ ဈေးနှုန်းနှင့်ဈေးကွက် သေချာခြင်းကြောင့် တောင်သူများ ဝင်ငွေပိုမိုရရှိစေကာ ဒေသအလိုက်ဖွံ့ဖြိုးလာစေပြီး နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက်အားလုံး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်များ ရရှိလာစေရန်စသည့်အချက်များကိုလည်း ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပံ့ပိုးငွေများ တောင်သူထံ အချိန်မီရောက်ရှိရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဖွံ့ဖြိုးလာရေးနှင့် ပံ့ပိုးငွေများကို တောင်သူများထံမှ ကောက်ခံနိုင်မည့်လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသ များတွင်လုပ်ကိုင်လျက်ရှိသည့် ဒေသန္တရငွေကြေးလှည့်ပတ်မှုအခြေအနေများက

စနစ်တကျလေ့လာ သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသည့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးစီမံကိန်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တင်ပြကြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအပေါ် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံ့စီးပွား မြှင့်တင်ရေးမတည်ထောက်ပံ့ရန်ပုံငွေကျပ် ၂၃၀ ဘီလီယံဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် တွင် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေမှလက်ကျန် ငွေနှင့် ချေးငွေပြန်လည်ကောက်ခံရရှိငွေတို့ဖြင့် ၂၀၂၃ ခုနှစ် မိုးစပါးစီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ကာ ၂၀၂၃-၂၀၂၄ခုနှစ် နွေစပါးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။ ဆီထွက်သီးနှံစီမံကိန်းအနေဖြင့် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံလွှဲပြောင်းရရှိပြီး အဆိုပါရန်ပုံငွေဖြင့် ဆောင်းဆီထွက်သီးနှံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။