စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသံလွှင့်နိုင်ရေး အတွက် ဆောင်းပါး စာမူရေးသားနည်း နှင့် အစီအစဉ်တင်ဆက်ခြင်း ကျွမ်းကျင်မှုသင်တန်း အောင်မြင်စွာဖွင့်လှစ်ပြီးစီး
  • Thu, 14 December 2023

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသံလွှင့်နိုင်ရေး အတွက် ဆောင်းပါး စာမူရေးသားနည်း နှင့် အစီအစဉ်တင်ဆက်ခြင်း ကျွမ်းကျင်မှုသင်တန်း အောင်မြင်စွာဖွင့်လှစ်ပြီးစီး


မြို့ပြ ကျေးလက် ဒေသစုံမှ ပြည်သူများ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် ပြည်တွင်း မီဒီယာစင်္ကြံ တစ်ခုဖြစ်သော FM Radio မှ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ နည်းပညာ ၊ ဗဟုသုတများနှင့် သတင်းအချက်အလက်များ ကို အစီအစဉ်တစ်ရပ်အဖြစ် ထုတ်လွှင့်နိုင်ရန်  ပြန်ကြားရေးဝန်ကြီးဌာန၊ FM Radio နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါအစီအစဉ်အတွက် စာမူများ ရေးသားပေးပို့ကြမည့် တာဝန်ထမ်းဆောင်ဆဲ စိုက်ပျိုးရေးပညာရှင်များ၊ မွေးမြူရေးပညာ ရှင်များ နှင့် သုတေသီများ အား ဆောင်းပါး စာမူရေးသားနည်း နှင့် အစီအစဉ်တင်ဆက်ခြင်း ကျွမ်းကျင်မှုသင်တန်း ကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နေပြည်တော် ရုံးအမှတ်(၄၃)အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။




အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက် အမှာစကားပြောကြားပြီး သင်တန်း ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ဆက်လက်၍ သင်တန်းတွင် လက်တွေ့ရေးသားခဲ့ကြသည့် အကောင်းဆုံးစာမူ ဆု (၅)ဆု နှင့် စာမူများအားလုံးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ သင်တန်းသား သင်တန်းသူ များက လက်ခံရယူခဲ့ကြသည်။




သင်တန်းတွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံရေဒီယိုမှ ကျွမ်းကျင်ပညာရှင် ဒေါ်နီလာသန်း၊ FM Radio မှ စိုက်ပျိုးရေးဆိုင်ရာ အစီအစဉ်တင်ဆက်မှု အတွေ့အကြုံကောင်း ရှိသူ ဦးမြင့်ဆွေ(ကိုရဲ-စိုက်ပျိုးရေး) နှင့် နည်းပညာပေး ဆောင်းပါးရေးသားသည့် အတွေ့အကြုံ ကောင်း ရှိသူ ဒေါက်တာစန်းစန်းမြင့်(မဂျုပ်-ထီလာ) စိုက်ပျိုးရေးပညာရှင်တို့က ပို့ချဆွေးနွေး ခဲ့ကြပြီး  စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဌာနခွဲများမှ ဝန်ထမ်းများ ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့မှ ဝန်ထမ်းများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများက အွန်လိုင်း စနစ်ဖြင့် ပါဝင် တက်ရောက်ကြသည်။ 




ပြန်ကြားရေးဝန်ကြီးဌာန၊ FM Radio နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်မည့် စိုက်ပျိုးရေးနည်းပညာပေး ထုတ်လွှင့်ခြင်းအစီအစဉ်အရ နယ်‌စပ်ဒေသများတွင် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကား ဖြင့်ထုတ်လွှင့်လျက်ရှိသည့် FM Radio လိုင်းများမှ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ၊ စိုက်ပျိုးရေးမိုးလေဝသ နှင့် ဈေးကွက်သတင်းအချက်အလက်များကို တောင်သူများ အချိန် နှင့် တပြေးညီ သိရှိနိုင်စေရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်၍ တင်ဆက်ပေး သွားမည်ဖြစ်ပြီး ဆက်လက်၍ မွေးမြူရေးကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍများ အပါအဝင် လယ်ယာ ကုန်ထုတ်လုပ်မှုကို အကျိုးပြုစေမည့် အစီအစဉ်များ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။