ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် မြစ်ကြီးနားမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း၌ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  • Thu, 11 January 2024

ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် မြစ်ကြီးနားမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း၌ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး


မြစ်ကြီးနား ဇန်နဝါရီ ၁၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း ဧရာမြစ်ဆုံခန်းမ၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံသည်။


ရှင်းလင်းတင်ပြ


တွေ့ဆုံစဉ် ကျောင်းအုပ်ကြီးကကျောင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆရာဆရာမများ၊ ဝန်ထမ်းများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများအား ပညာသင်ကြားသည့်အခါတွင် ဘဝအတွက်အကျိုးရှိအောင် ပညာကို စိတ်ဝင်တစား အလေးထား သင်ကြားကြရန် လိုကြောင်း၊ သို့မှသာ အောင်မြင်သည့် လူငယ်လူရွယ်များဖြစ်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတော်မှ လစဉ် ကျပ် ၃၀၀၀၀ ထောက်ပံ့ပေးနေပါကြောင်း၊ လိုအပ်သည့်ကျောင်းစရိတ်ကို မိဘများကထောက်ပံ့ပေးနေသည့်အတွက် မိမိတို့မိဘများကို ကိုယ်ချင်းစာပြီး အလေးအနက်ထား ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာရပ်များကို ကျွမ်းကျင်အောင် လေ့လာသင်ယူပြီး ပညာရှင်များဖြစ်လာပါက အများပြည်သူကြားတွင် လေးစားစွာဆက်ဆံခံရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြရေး၊ ယုံကြည်ရာဘာသာ တရားအဆုံးအမကို အလေးထားလိုက်နာပြီး မိမိနိုင်ငံ၊ မိမိရပ်/ရွာကို အကျိုးပြုသည့် သားသမီး ကောင်းများဖြစ်လာရန် ကြိုးစားရမည်ကြောင်း မှာကြားသည်။


မှာကြား

ထို့အပြင် ဆရာဆရာမများအနေဖြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးကြရေး၊ ကျွမ်းကျင် သည့် ပညာရှင်တပည့်များ မွေးထုတ်ပေးကြရေး၊ မိမိတို့၏ အဓိကဘာသာရပ်ကို ကျွမ်းကျင်မှုရှိရန် လိုအပ်သကဲ့သို့ အရန်ဘာသာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာကြရေး၊ ကျောင်းသားကျောင်းသူများ ယုံကြည်အားကိုသည့်အတိုင်း ထိုက်တန်သောအရည်အချင်းပြည့်မီအောင် ကြိုးစားကြရေး၊ ဝတ်စားဆင်ယင်နေထိုင်ပြောဆိုမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်ကြရေး၊ မိမိတပည့် ကျောင်းသားကျောင်းသူများကို သားသမီးလိုသဘောထားပြီး အခက်အခဲများကို ကူညီဖြေရှင်းပေးကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။