ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လယ်ယာကဏ္ဍ တာဝန်ရှိသူများနှင့် တွေ့ဆုံ
  • Tue, 16 January 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လယ်ယာကဏ္ဍ တာဝန်ရှိသူများနှင့် တွေ့ဆုံ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝေးလံခက်ခဲသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဌာနများအလိုက် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်မျာပံ့ပိုးကူညီပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာ ဒေသရှိ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများအပေါ် စေတနာထား၍ မိမိတတ်ကျွမ်းသည့် ပညာရပ်များဖြင့် ပံ့ပိုးကူညီကြရန်နှင့်ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများအားလုံး တည်ဆဲဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းဥပဒေများကို တိကျစွာလိုက်နာပြီး ဌာနအလိုက်ထုတ်ပြန် ထားသောအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသေးစိတ်ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား တိုးမြှင့်ရေးနှင့် ဌာနများအချင်းချင်းစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက နာဂဒေသအတွင်း မွေးမြူရေးကဏ္ဍ တိုးတက်အောင်မြင်ဖြစ်ထွန်းရန်အတွက် ဆောင်ရွက်ရန် လုပ်ငန်းရပ်များကိုလည်းကောင်း ဆွေးနွေးမှာကြား ကြသည်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တွေ့ဆုပွဲသို့ တက်ရောက်လာကြသော ဝန်ထမ်းများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ရင်းနှီးစွာမေးမြန်း၍ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးများ၊ လယ်ယာကဏ္ဍဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။