ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဟုမ္မလင်းခရိုင်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
  • Wed, 17 January 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဟုမ္မလင်းခရိုင်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းတို့နှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဟုမ္မလင်း ခရိုင်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် ပြည်သူလူထု အားကိုးရသည့် ဌာနဖြစ်စေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် အရေးပါသည့်လုပ်ငန်းများဖြစ်၍ အားသွန်ခွန်စိုက်ကြိုးပမ်းစေလိုကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်းများ ပညာရှင်အဆင့် ကျွမ်းကျင်အောင် လေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီနေထိုင်၍ ဥပဒေစည်းမျဉ်းမှန်သမျှ ရှင်းလင်းနိုင်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဌာနများမှ မိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးသိပ္ပံအတွက် မြက်ဖြတ်စက် တစ်ခု၊ ဟုမ္မလင်းမြို့နယ် တောင်သူအစုအဖွဲ့အလိုက် အသုံးပြုရန် နှီးဖြာ စက်တစ်လုံးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။