နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်
  • Tue, 6 February 2024

နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ချောင်းမကြီးမျိုးသန့်ခြံ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်သည့် နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးကြသည်။





သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ မိမိတို့နိုင်ငံတွင် နှစ်စဉ် မြေပဲဧက သုံးသန်းခန့်၊ နှမ်း သီးနှံဧက လေးသန်းခန့်၊ နေကြာဧက တစ်သန်းကျော်၊ ဆီမုန်ညင်းဧက တစ်သိန်းကျော်နှင့် ပန်းနှမ်းဧက သုံးသိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ တွက်ချက်မှုများအရ တစ်နှစ်လျှင် လူတစ်ဦး စားသုံးဆီ ခြောက်ပိဿာ စားသုံးပါက ပြည်တွင်းထုတ်လုပ်မှုဖြင့် လုံလောက်နိုင်သော်လည်း လက်ရှိတွင် စားသုံးမှုလိုအပ်ချက်များအရ ပြည်ပမှ နှစ်စဉ် စားအုန်းဆီ တန်ချိန်များစွာ ဝယ်ယူတင်သွင်းအသုံးပြုနေရသည်ကို တွေ့ရှိရပါကြောင်း။

ရာသီ ဆီထွက်သီးနှံတွင် အများဆုံးစိုက်ပျိုးလျက်ရှိသည့် နှမ်းသီးနှံ တစ်ဧက စိုက်ပျိုးရန် မျိုးစေ့ပမာဏ နှစ်ပြည်သာ အသုံးပြုရသဖြင့် မျိုးစေ့လိုအပ်ချက် အနည်းဆုံးဖြစ်သည့်အပြင် ဆီ ပါဝင်မှု ၅၄ ရာခိုင်နှုန်းနှင့် ဆီထွက်ရှိမှု အများဆုံးသီးနှံဖြစ်ပြီး ပြည်ပဈေးကွက်လည်းရှိသဖြင့် ဆီထွက်သီးနှံများတွင် စိုက်ပျိုးရန် အသင့်တော်ဆုံး သီးနှံတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက် ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းအတွေ့အကြုံများနှင့် လေ့လာသိရှိချက်များကို မိမိတို့ဒေသရှိ အခြားမိတ်ဆွေတောင်သူများအား လက်ဆင့်ကမ်းမျှဝေပေး နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။




ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နှမ်းမျိုးစေ့ ထုတ်လုပ်မှုတိုးတက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား တောင်သူများအား ဆင်းရတနာ- ၁၄ နှမ်းမျိုး RS အဆင့် မျိုးစေ့နှင့် လေလုံပိတ်မျိုးစေ့သိုလှောင်အိတ်များကို ပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်များက လက်ခံရယူ ကြသည်။




ယနေ့ဖွင့်လှစ်သည့် နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းသင်တန်းတွင် နှမ်းသီးနှံ အများဆုံးစိုက်ပျိုးကြသည့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ကိုးမြို့နယ်မှ ဝန်ထမ်း ၁၅ ဦး၊ တောင်သူ ၅၀ တို့ကို နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ အရည်အသွေးထိန်းသိမ်းခြင်းနည်းပညာများကို ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ပို့ချဆွေးနွေးပေးသွားမည်ဖြစ်ပြီး နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ မျိုးစေ့ ဘဏ်နှင့် မျိုးစေ့ထုတ်သုတေသနစိုက်ကွင်းများအား လက်တွေ့လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်း၏ လုပ်ငန်းစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်နှင့် မျိုးသန့်ခြံ နှစ်ခြံတွင် နှမ်းသီးနှံဆိုင်ရာ သုတေသနစမ်းသပ်ကွက်များကို သုံးရာသီဆောင်ရွက်ခဲ့ပြီး တောင်သူကွင်းသရုပ်ပြပွဲများအဖြစ် ကျောက်ဆည်မြို့နယ်နှင့် ချောင်းမကြီးခြံတို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။