မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ကွင်းဆင်းပံ့ပိုးကူညီ
  • Mon, 5 February 2024

မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ကွင်းဆင်းပံ့ပိုးကူညီ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မြောက်ရှားတော တောင်သူ ဦးခင်မောင်လွင်၏ ကျေးရွာရှိ ဆောင်းသီးနှံ သုံးဧက အာလူးစံပြကွက်ကို ကြည့်ရှုအားပေးသည်။



ဆက်လက်၍ ဒုတိယဝန်ကြီးသည် စလင်းမြို့နယ် ဖောင်းလင်းကျေးရွာရှိ တောင်သူ ဦးစိုးမင်းထွန်း ၏ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ သီးနှံရောနှော စိုက်ခင်း၊ နေကြာ စားတော်ပဲ သုံးဧကစိုက်ခင်းနှင့် နေကြာ မတ်ပဲသုံးဧက စိုက်ခင်းတို့ကို ကြည့်ရှုအားပေးပြီး နေကြာနှင့် ပင်ခြားဝတ်မှုန်ကူးသည့် သီးနှံများတွင် ဝတ်မှုန်ကူးယှက်ရာတွင် ပျားနှင့် အခြားအင်းဆက် ပိုးများ၏ အရေးပါမှု၊ ပိုးသတ်ဆေးများကို ဆင်ခြင်သုံးစွဲရန် လိုအပ်ချက်များ၊ စိတ်ဝင်စားသူ တောင်သူများ ပျားမွေးမြူရေးလုပ်ငန်းတွင် စနစ်တကျ လုပ်ကိုင်နိုင်ရေးအတွက် ဌာနမှ လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးနေမှု၊ တောင်သူများ ဆွေးနွေးတင်ပြသော ကုန်ထုတ် လမ်းခိုင်မာရေး လိုအပ်ချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြား သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ပွင့်ဖြူမျိုးသန့်ခြံ၏ ရေဆင်း စပ်မျိုးနေကြာ (၁) မျိုးစေ့ထုတ် ၁၀ ဧကစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပွင့်ဖြူ)ကျောင်း၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လယ်ယာ ကဏ္ဍအတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးပွားရန် လိုအပ်နေမှု၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် အဆင့်မြင့်စိုက်ပျိုးရေးပညာရပ်များ ဆက်လက်သင် ယူနိုင်ရေး ကြိုးပမ်းသွားကြရန် အားပေးပြောကြားသည်။




ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းဘူး (စကု) မြို့နယ် မန်းကျိုးကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးထားသည့် ကုလားပဲနှင့် နေကြာအကန့်လိုက် စိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများကို လေ့လာပြီး ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း၍ ရေချိုအရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေး၊ မကွေးတိုင်းဒေသကြီးနှင့် သင့်တော်သောမျိုးကို ရွေးချယ်မွေးမြူကြရန် လိုအပ်ချက်များ၊ မျိုး၊ မြေ၊ ရေနှင့် နည်းပညာပူးပေါင်းကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။