ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ စစ်ဆေးကြည့်ရှု
  • Thu, 22 February 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ စစ်ဆေးကြည့်ရှု


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဌာန(VFDC)၊ လှိုင်းတက်ခြံ၏ ဟင်းသီးဟင်းရွက်ရာသီသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့်ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်သော သီးနှံမျိုးကောင်း၊ မျိုးသန့်မျိုးစေ့၊ ပျိုးပင်များထုတ်လုပ် ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ တစ်ပြိုင်တည်းဆောင်ရွက်ရန်၊ တောင်သူများ၏ သဘောထားမှတ်ချက်ကိုရယူ၍ အပူပိုင်းဒေသနှင့်ကိုက်ညီဖြစ်ထွန်းစေမည့် သီးနှံအမယ် များကိုရွေးချယ်ပြီး မျိုးသန့်မျိုးပွားထုတ်လုပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးရေး ဦးစီးဌာနပိုင်စက်ရုံအား Dagon Foods Co.,Ltd က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် သစ်သီးဝလံ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ဟဲဟိုးမြို့ ဥဿာကံကျေးရွာရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို ကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်သီးနှံဖြစ်သည့်အာလူးကို မုန့်ပဲသရေစာနှင့် အခြားသောစားသောက် ကုန်ချောများအဖြစ် တွင်ကျယ်စွာအသုံးပြုနေခြင်း ကြောင့် ဈေးကွက်သေချာ၍ အရေးပါသော စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးသည့်ဒေသအလိုက် စိုက်ပျိုးချိန်၊ တူးဖော်သိမ်းဆည်းချိန် မတူညီနိုင်မှုကို တောင်သူများ အလေးဂရုပြု နိုင်ကြရန်နှင့် နည်းပညာပိုင်းအရ လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဖြန့် ဝေပေးရန် လိုအပ်ကြောင်း၊ အလားတူမျိုးအာလူးများ ထုတ်လုပ်ရာတွင်လည်း ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းရန် လိုအပ်သကဲ့သို့ ဈေးကွက်အကြိုက် စားသုံးမှုအရည် အသွေးကောင်းမွန်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဒေသခံတောင်သူများက ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် အာလူးစိုက်ခင်းများနှင့် ကြက်သွန်ဖြူ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။