တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုအနေဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၄” ဖွင့်ပွဲကျင်းပ
  • Sat, 2 March 2024

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုအနေဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၄” ဖွင့်ပွဲကျင်းပ


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်များကို ဆောင်ရွက်လျှက်ရှိရာ မတ်လ ၁ ရက်နေ့က နေပြည်တော် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝန်း၌ “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ဖွင့်ပွဲ့ အခမ်းအနားကျင်းပခဲ့သည်။





အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်နှင့်ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ လယ်ယာကဏ္ဍဆိုင်ရာအဖွဲ့အစည်းများနှင့် မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေမြို့နယ်များမှ တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ် တင်သွင်းဖြန့်ဖြူးရောင်းချသူများနှင့် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြုရေးဆိုင်ရာဆေး တက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ပျဉ်မနား)မှ ကျောင်းသား/သူများ စုစုပေါင်း(၆၉၃) ဦး တက်ရောက်ခဲ့ကြသည်။




အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မျိုးစေ့ကဏ္ဍဖွံဖြိူးတိုးတက်ရေးကို အားပေးသည့်အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှပ်နှံလိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားပိုင် ကုမ္ပဏီများ သာမက နိုင်ငံခြားသားပိုင်ကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုကို ဆောင်ရွက်နေ နိုင်ကြပြီးဖြစ်ကြောင်း၊ နိုင်ငံအကျိုး၊ တောင်သူလယ်သမားများအကျိုးကို ရှေးရှုပြီး မျိုးစေ့ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍ များအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မျိုးစေ့ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးခြင်နှင့် ဆက်စပ်သောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည့်တံစေရန်နှင့် စံချိန်စံညွှန်း ကိုက်ညီပြီး ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားကြခြင်းဖြင့် မျိုးစေ့ထုတ်လုပ်သူများနှင့် သုံးစွဲသူ တောင်သူလယ်သမားများ နှစ်ဦး နှစ်ဖက် အကျိုးဖြစ်ထွန်းကြစေရေး ဦးတည်ဆောင်ရွက်သွား  ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။




ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “မျိုးစေ့ပြပွဲ ၂၀၂၄” ကျင်းပရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ 

ယင်းနောက်ပြည်ထောင်စုဝန်ကြီး နှင့် ဧည်သည်တော်များသည် အခမ်းအနားတက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။




အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အသင်းအဖွဲ့များက ခင်းကျင်းပြသထားသည့် ပြခန်းများ၊ သီးနှံနမူနာများ စမ်းသပ်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံပြစိုက်ခင်းများကို လှည်လည်ကြည့်ရှု့ခဲ့ကြသည်။

ယခုကျင်းပလျက်ရှိသော “မျိုးစေ့ပြပွဲ ၂၀၂၄”(Seed Fair 2024) ကို မတ်လ ၁ ရက်မှ ၃ ရက်အထိ ခင်းကျင်းပြသထားမည်ဖြစ်၍ တောင်သူလယ်သမားများ၊ သီးနှံမျိုးစေ့ ထုတ်လုပ် ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း စိတ်ဝင်စားသူများ မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင် ကြောင်း သတင်းရရှိခဲ့ပါသည်။