ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံပြီး ပြည်ပမှအစေ့ထုတ်ပြောင်းမျိုးစေ့တင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ဆွေးနွေး
  • Sun, 3 March 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံပြီး ပြည်ပမှအစေ့ထုတ်ပြောင်းမျိုးစေ့တင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ဆွေးနွေး


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့တွင် နေပြည်တော်ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း ကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၄” သို့ လာရောက်ကြသည့် အစေ့ထုတ်ပြောင်း မျိုးစေ့ ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။




တွေ့ဆုံစဉ် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်ကုမ္ပဏီများ၏ ပြည်တွင်း၌နှစ်အလိုက် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်မည့် လျာထားချက်များနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်လုပ်သည့်မျိုးများကို ပူးပေါင်းထုတ်လုပ်ရေးအစီအစဉ်၊ မျိုးအရည်အသွေးကျဆင်းလာသော အစေ့ထုတ်ပြောင်းမျိုးများကို မျိုးစေ့မှတ်ပုံတင်ထားရှိမှုမှ စိစစ်ပယ်ဖျက်၍ အထွက်ကောင်းသည့် မျိုးသစ်များ ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း အစေ့ထုတ်ပြောင်းမျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ များကို ဒုတိယအကြိမ် ထပ်မံဆွေးနွေးပြီး ပြည်ပမှတင်သွင်းမှုကိုလျှော့ချ၍ ပြည်တွင်း၌ မျိုးစေ့တိုးတက်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။




မြန်မာနိုင်ငံ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် မိုးရာသီတွင် ဧက ၁ ဒသမ ၃ သန်းကျော်၊ ဆောင်းရာသီတွင် ဧက ဒသမ ၁၇ သန်းကျော် စုစုပေါင်း ဧက ၁ ဒသမ ၄၇ သန်းကျော် စိုက်ပျိုးလျက်ရှိရာ နှစ်စဉ်လိုအပ်လျက်ရှိသည့် အစေ့ထုတ်ပြောင်း မျိုးကောင်း မျိုးသန့်မျိုးစေ့များကို ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်ရေးအတွက် အတွေ့အကြုံရှိသည့် ကုမ္ပဏီများမှ ပြည်တွင်းစပ်မျိုးများ ပိုမိုထုတ်လုပ်နိုင်ရေးကို နှစ်အလိုက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။