စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည့်အစီအစဉ်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ ဆောင်ရွက်မည်
  • Sun, 10 March 2024

စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည့်အစီအစဉ်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ ဆောင်ရွက်မည်


ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများကို ဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဇုန်တာဝန်ခံများ၊ ဌာနတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များက  အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။




 အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းဖူလုံမှုရှိစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ စိုက်ပျိုးရမည့်ပမာဏအတိုင်း စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း၏ ရှေ့ပြေးလုပ်ငန်းစဉ်ကို ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ သုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ချေးငွေပံ့ပိုးမှုအနေဖြင့် မြေပဲတစ်ဧကလျှင် ငွေကျပ် သုံးသိန်း၊ နှမ်း တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၅ သိန်းနှင့် နေကြာတစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် စာချုပ်များ ချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း။

လာမည့် မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင်မြင်စေရန်အတွက် ဆီထွက်သီးနှံ အထူးအထွက်တိုးဇုန်များသတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆီထွက်သီးနှံ အထူးအထွက်တိုးရေး ဇုန်တာဝန်ခံများ၏ လုပ်ငန်းတာဝန်များအနေဖြင့် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာအထူးဇုန်လျာထားဧက ပြည့်မီရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း၊ စီမံကိန်း၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း အဆင့်တိုင်းတွင် အချိန်မီဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ စီမံကိန်းအကောင်အထည်ဖော်သည့် အဖွဲ့များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ အထူးဇုန်အလိုက် စိုက်ဧရိယာများတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်ခြင်း၊ ဆီထွက်သီးနှံ အထူးဇုန်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေ များ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် သတ်မှတ်ထားရှိကြောင်း ပြောကြားခဲ့သည်။




ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆီထွက်သီးနှံ များ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး ဇုန်တာဝန်ခံများက ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကို လည်းကောင်း တင်ပြကြရာ ဒုတိယဝန်ကြီးများက သုံးသပ်ဆွေးနွေးကြပြီး ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြ သည်။




၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက်ပြည့်မီစေရေး ရည်မှန်းချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အထူးစီမံချက်များရေးဆွဲ၍ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ စားသုံးဆီဖူလုံ စေရေး အစီအမံများ လျာထားဆောင်ရွက်လျက်ရှိရာ ဆီထွက် သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက်စိုက်ပျိုးမည့် အစီအစဉ်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှ စတင်၍ ဆောင်ရွက်မည် ဖြစ်သည်။ အထူးအထွက်တိုးရေးဇုန်များ သတ်မှတ်ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းပညာပြည့်စုံကောင်းမွန်စေရန်နှင့် တောင်သူများကို အကြံဉာဏ်များ ထိထိရောက် ရောက် ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများ အား အရည်အချင်းအလိုက် စိစစ်ရွေးချယ်၍ တာဝန်ပေးအပ်ထားပြီး တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှု၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မှုတို့ဖြင့် ဆီထွက်သီးနှံ အထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိခဲ့ပါသည်။