မြိတ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
  • Sat, 16 March 2024

မြိတ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်


တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မြိတ်မြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ညနေပိုင်းတွင် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏ စားသုံးဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမည့် ဆီအုန်းသုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ တနင်္သာရီတိုင်းဒေသကြီး ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ရော်ဘာနှင့် အခြားနှစ်ရှည်ပင် ဥယျာဉ်ခြံသီးနှံ များနှင့် ရာသီသီးနှံများအတွက် လိုအပ်သောသုတေသနလုပ်ငန်းများ ဆက်စပ် ဆောင်ရွက် သွားရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းနှင့် ရော်ဘာပင်တွင် ကျရောက်သော ပိုးမွှားရောဂါနှင့် အခြားဖျက်ဆီးတတ်သော သတ္တဝါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာပေးရန်၊ ဓာတ်မြေဩဇာနှုန်းထားအမျိုးမျိုးတို့ကို သုတေသနပြု၍ ဆီသီးခိုင် အထွက်အကောင်းဆုံး ရရှိစေရေးအတွက် ဆီအုန်းစိုက်ခင်းများတွင် ထည့်သွင်းသင့်သော မြေဩဇာနှုန်းထားများ ထောက်ပံ့ပေးရန်၊ ဆီအုန်းနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပြန့်ပွားရေးအတွက် တောင်သူများလက်တွေ့အသုံးချနိုင်မည့် နည်းပညာ သင်တန်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေမြေဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ လိုအပ်သောသွင်းအားစုများ အချိန်မီ အချိုးအစားမှန်ကန်စွာ ထည့်သွင်းနိုင်ရေးအပါအဝင် မျိုး၊ မြေ၊ ရေ၊ နည်းပညာ လိုအပ်ချက်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဥယျာဉ်ခြံရှင်တောင်သူများကို အမယ်သစ် သီးနှံကော်ဖီပျိုးပင် ၂၀၀၀၀၊ ကိုကိုးပျိုးပင် ၁၀၀၀၀ နှင့် စုစုပေါင်း ငွေကျပ် ၁၅၅ သိန်းတန်ဖိုး ရှိ သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

နှစ်ရှည်သီးနှံများအကြား ကိုကိုးနှင့် ကော်ဖီသီးနှံကို ကြားသီးနှံအဖြစ် စိုက်ပျိုးခြင်းဖြင့် တောင်သူများ အပိုဝင်ငွေ ရရှိနိုင်ကြစေရန်နှင့် မြေလွတ်၊ မြေလပ်မကျန် စိုက်ပျိုးနိုင်ခြင်း ကြောင့် မြေအသုံးချမှု ပိုမိုတိုးတက်လာပြီး သီးနှံစိုက်စွမ်းအားများ တိုးတက်လာနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အမယ်သစ် သီးနှံပျိုးပင်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ ဆီအုန်းစိုက်ဧရိယာ ၃၉၅၇၂၁ ဧကရှိပြီး အသီးခူးယူနိုင်မှု ၁၈၃၈၂၁ ဧကရှိကြောင်း၊ ဆီသီးခိုင်စုစုပေါင်း ၈၆၁၅၄၄ တန်ထွက်ရှိခဲ့သဖြင့် ဒေသတွင်းနိုင်ငံများကဲ့သို့ တစ်ဧကဆီသီးခိုင်အထွက်နှုန်းမြင့်မားလာစေရေးနှင့် ရော်ဘာနှင့် အခြားနှစ်ရှည်ပင် ဥယျာဉ်ခြံသီးနှံများ၊ ရာသီသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် OK ရတနာ အဆင့်မြင့်ဆန်စက်အတွင်း ဒေသထွက်စပါးများ ဝယ်ယူစုပုံထားရှိမှု၊ အခြောက်ခံမှု၊ ကြိတ်ခွဲသန့်စင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်နေမှု၊ စပါးခွံအသုံးပြု၍ တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆၀၀ ထုတ်လုပ်ပြီး ဆန်စက်လည်ပတ် အသုံးပြုနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့အတူ မြိတ်မြို့ ရှမ်းချောင်းကျေးရွာရှိ ဖိုးလမင်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်နှင့် ဖိုးလမင်းရော်ဘာ စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက် မှိုင်းခံရော်ဘာထုတ်လုပ်ရေးစက်ရုံ၌ ရော်ဘာနေလှန်းပြား ကုန်ကြမ်းဝယ်ယူပြီး ကုန်ချောအဆင့်ဆင့် ထုတ်လုပ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ Grand Jade Hotel ခန်းမ၌ ကျင်းပပြုလုပ်သည့် ဆီအုန်းစိုက်ဧရိယာများ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် သီးနှံအရည်အသွေးများတိုးတက်စေရေးညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆီအုန်းတစ်ဧကအထွက်နှုန်း တိုးတက် မြင့်မားရေးအတွက် အသီးခူးဧရိယာ အပြည့်အဝ အသီးခူးနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝဆောင်ရွက်ရေး၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ စံချိန်မီဆောင်ရွက်ရေး၊ ခူးယူပြီးသော ဆီသီးခိုင်များ စက်ရုံသို့ အချိန်မီရောက်ရှိရေးလုပ်ငန်းများကို ဆီအုန်းကုမ္ပဏီများနှင့် စည်းရုံးပညာပေးဆောင်ရွက်ရန်လိုကြောင်း။

ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးနှင့် ပြည်ပမှ ဆီတင်သွင်းမှု လျှော့ချရေးအတွက် ဆီအုန်းစိုက်ဧကများ တိုးချဲ့ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးတို့အတွက် ကြိုးစားဆောင်ရွက်ခြင်းတို့ကို အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဆီအုန်းမှာ အနည်းဆုံး နှစ် ၃ဝ၊ ၄ဝ ခန့် စိုက်ပျိုးရသည့် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးဖြစ် ထွန်းနိုင်မှုမရှိပါက မြေအလဟဿဆုံးရှုံးမှုမရှိစေရေး ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ထားရှိမှုနှင့်စပ်လျဉ်း၍ မြိတ်မြောက်ဘက်ခြမ်း ပုလောမြို့နယ် အထက်ပိုင်းရှိ သက်တမ်းလွန် ဆီအုန်းစိုက်ဧရိယာများတွင် ရော်ဘာ၊ ကိုကိုး၊ ကော်ဖီစသည့် သီးနှံများပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါဒေသများ၌ ရော်ဘာ၊ ကိုကိုးစိုက်ဧရိယာများ တိုးတက်လာပြီး လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာရေး ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။