စားသုံးဆီထုတ်လုပ်နိုင်သော ဆီချောစက်ရုံများ တည်ထောင်ဆောင်ရွက်နိုင်ပါက ဆီဖူလုံမှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပြီး လုပ်ကွက်ငယ်ဆီအုန်းတောင်သူ များအတွက် ဈေးကွက် ဖန်တီးပေးနိုင်မည်
  • Sun, 17 March 2024

စားသုံးဆီထုတ်လုပ်နိုင်သော ဆီချောစက်ရုံများ တည်ထောင်ဆောင်ရွက်နိုင်ပါက ဆီဖူလုံမှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပြီး လုပ်ကွက်ငယ်ဆီအုန်းတောင်သူ များအတွက် ဈေးကွက် ဖန်တီးပေးနိုင်မည်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ညနေပိုင်းတွင် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း)နှင့် ခမောက်ကြီးမြို့ ယုဇနဆီအုန်းကုမ္ပဏီတို့၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မလိဝမ်း)၌ ကိုကိုးပင်များ စိုက်ပျိုး ထားရှိမှုနှင့် နည်းပညာပေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ လက်တွေ့စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းပညာပေး စည်းရုံးဆောင်ရွက်ရန်နှင့် ကိုကိုးစိုက်တောင်သူခြံငယ်များကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုအဖြစ် တိုးချဲ့လုပ်ကိုင် နိုင်စေရေး အားပေးကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အဆိုပါသုတေသနခြံတွင် ကိုကိုးပင် ၈၀၀ ကို သုတေသနပြုစိုက်ပျိုးထားရှိရာ ယခုအခါ အပင် ၅၀ ရာခိုင်နှုန်းကျော်တွင် ကိုကိုးသီးများရရှိနေပြီဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် ရော်ဘာပင်နှင့် ကွမ်းသီးပင်များအကြား ကိုကိုးပင်များစိုက်ပျိုးခြင်းကို အထူးစိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခမောက်ကြီးမြို့ရှိ ယုဇနဆီအုန်းကုမ္ပဏီ၏ ဆီအုန်းစိုက်ကွင်း၊ ဆီအုန်းပျိုးပင်များ၊ ဆီအုန်းဆီကြမ်းစက်ရုံနှင့် ဆီအုန်းကြိတ်ဖတ်များကို သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီတာဝန်ရှိသူများကို ဆီအထွက်နှုန်းကောင်းသည့် ပျိုးပင်များဖြင့် အစားထိုးစိုက်ပျိုးနိုင်ရေး၊ ဆီသီးခိုင်များ အပြည့်အဝခူးယူကြိတ်ခွဲနိုင်ရေး၊ ဆီသီးကုန်ကြမ်းရရှိနိုင်သည်နှင့်အမျှ ဆီကြမ်းစက်ရုံများ ပိုမိုတိုးချဲ့တည်ထောင်နိုင်ရေး ဆွေးနွေးပြောကြားကာ ဆီသန့်ဆီချောစက်ရုံ တည်ဆောက် မည့်နေရာကို ကြည့်ရှုစစ်ဆေး၍ စက်ရုံနှင့် လုပ်ကွက်ငယ် ဆီအုန်း တောင်သူများအတွက် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။