ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်
  • Tue, 19 March 2024

ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာပေါင်း ၂၂၄ ရွာအထိရှိလာပြီဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် ကျေးရွာပေါင်း ၁၁၀၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၃၄ ရွာ၊ စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၄၀ နှင့် ယခုထပ်မံ ရွေးချယ်လိုက်သည့် ကျေးရွာ ၄၀ တို့ ဖြစ်ကြောင်း၊၊

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာခေါင်းဆောင်များသည် ယခုသင်တန်းကျောင်းမှ ပို့ချပေးသည့် ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်းကို တက်ရောက်ကြပြီး မိမိတို့ကျေးရွာများသို့ ပြန်လည်ရောက်ရှိသည့်အခါ မိမိတို့လေ့လာသင်ယူခဲ့ကြသည့် အသိပညာများကို ပြန်လည်အသုံးချပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊၊

သင်တန်းကာလတွင် သက်ဆိုင်ရာ သင်ခန်းစာများအပြင် ကျေးရွာသစ်လှုပ်ရှားမှု စိတ်ဓာတ် (၃) ရပ်ဖြစ်သည့် မိမိကိုယ်ကိုအားကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် အလေ့အကျင့်ကောင်းများ ရရှိသွားစေရန် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းစဉ် (၃) ရပ်ဖြစ်သည့် လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကိုလည်း ယခင်ကျေးရွာများ၏ အောင်မြင်မှုများကို နမူနာယူပြီး မိမိတို့ကျေးရွာများနှင့် ကိုက်ညီသည့်၊ မိမိတို့ကျေးရွာသူ ကျေးရွာသားများ သဘောတူညီစွာ ဆောင်ရွက်လိုသည့်လုပ်ငန်းစဉ်များကို ဦးစားပေး ရွေးချယ်ဆောင်ရွက်ကြရန် အကြံပြုလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ စိုက်ပျိုးရေးဦးစီးဌာန ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သို့ မြို့နယ် ၃၉ မြို့နယ်မှ မြို့နယ်ဦးစီးမှူးများ၊ ကျေးရွာသစ် ၄၀ မှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ငါးရက် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။