၂၀၂၇ - ၂၀၂၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင် ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ
  • Sat, 30 March 2024

၂၀၂၇ - ၂၀၂၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင် ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေးစက်ရုံအား ပုဂ္ဂလိကလုပ်ငန်း ရှင်က ငှားရမ်း၍ တမာပိုးသတ်ဆေးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် မကွေးမြို့နယ် မိကျောင်းရဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျေးရွာတောင်သူများကို ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ရွှေတောင် (၈) မျိုးသန့်ချည်မျှင်ရှည်ဝါ မျိုးစေ့များ၊ ဆင်းရွှေ ကြာ-၂ နေကြာမျိုးစေ့များနှင့် စမုံနက်နှမ်းမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေး အပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အတူ မကွေးမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါသီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်ခြောက်ခု၏ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ထားပြီး နှစ်စဉ် တိုးတက်စိုက်ပျိုး သွားမည် ဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာ ဧက ၇၄၇၀၀၀ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးအတွက် ဇုန်အလိုက် တာဝန်ခံများ တာဝန်ပေးအပ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီး၏ ဝါသီးနှံ စိုက်ပျိုးရေး ဇုန်လေးခုတွင် ဧကနှစ်သိန်း ခြောက်သောင်းကျော် လျာထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့်အခက်အခဲ၊ အဟန့်အတားများကို ဆက်စပ်ဆောင် ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ စုပေါင်း အားဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။




ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ယနေ့တွေ့ ဆုံပွဲတွင် ဝါသီးနှံထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများကို နှီးနှောဖလှယ်ပြီး ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအဖြေရှာ ဖော်ထုတ်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးကောင်းဝါမျိုးများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုနှင့် မျိုးစေ့ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံအရည် အသွေး၊ အထွက်နှုန်း၊ ဈေးကွက်အခြေအနေနှင့် တောင်သူများ၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေး သတိပြု ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။




ယင်းနောက် ဝါစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူများနှင့် ဝါစိုက်တောင်သူများက ဒေသ၏ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွေ့အကြုံများ၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီ များ၊ စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ဖြေကြားဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၌ ဝါသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၇၂၇၉၃ ဧက၊ ၂၀၂၃-၂၀၂၄ ခုနှစ် တွင် ၂၁၇၄၁၆ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခု သတ်မှတ် ၍ ဧက ၂၆၆၈၀၀ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဧက ၃၅၀၀၀၀ အထိ စိုက်ပျိုးရန် ရည်မှန်းထားရှိကြောင်း၊ ဝါသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသောသွင်းအားစုများ အပြည့်အဝ အသုံးပြုခြင်းဖြင့် အထွက်နှုန်းတိုးတက်ပြီး ဝါအရည်အသွေးထုတ်လုပ်မှု တိုးတက်လာစေရန် ပြည်ထောင်စု ဝန်ကြီးဌာန၏အားပေးကူညီမှု၊ တိုင်းဒေသကြီးအစိုးရ၏အနီးကပ်ကြီးကြပ်မှုဖြင့် စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။