ပိုးသတ်ဆေးအမျိုးပေါင်း (၉၃)မျိုးအား မှတ်ပုံတင်ခွင့်ပြုရေး နည်းပညာကော်မတီ စိစစ်ဆောင်ရွက်
  • Thu, 15 August 2024

ပိုးသတ်ဆေးအမျိုးပေါင်း (၉၃)မျိုးအား မှတ်ပုံတင်ခွင့်ပြုရေး နည်းပညာကော်မတီ စိစစ်ဆောင်ရွက်


ပိုးသတ်ဆေးနည်းပညာကော်မတီသည် နိုင်ငံတော် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သို့ ပိုးသတ်ဆေး အမျိုးအစားပေါင်း(၉၃)မျိုးကို မှတ်ပုံတင်ခွင့် ပြုနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီတွင် စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ နည်းပညာဆိုင်ရာ စိစစ်ရေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ 

မှတ်ပုံတင်လျှောက်ထားသည့် ပိုးသတ်ဆေးများကို စိုက်ခင်းများတွင် စမ်းသပ်ခြင်း၊ ဖော်ပြထားသည့် ဓါတုပစ္စည်းပါဝင်မှု မှန်မမှန် ဓါတ်ခွဲစစ်ဆေးခြင်း၊ အရည်အသွေး မှန်မမှန် စစ်ဆေးဆောင်ရွက်ပြီး ပိုးသတ်ဆေးနည်းပညာကော်မတီ အစည်းအဝေးနှင့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အစည်းအဝေးသို့ ပိုးသတ်ဆေးဥပဒေနှင့်အညီ တင်ပြဆောင်ရွက်ကြကြောင်း သိရပါသည်။

ပိုးသတ်ဆေးနည်းပညာကော်မတီဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပိုးသတ်ဆေး သုံးစွဲ တင်သွင်း ဖြန့်ချိနိုင်ရေး မှတ်ပုံတင် ခွင့် ပြုရာ၌ သီးနှံဖျက်ပိုးများအပေါ် ထိရောက်မှု၊ လူနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် ရေရှည်တွင် ဓါတုဓါတ်ကြွင်း အန္တရာယ်ကင်းရှင်းရေးတို့ကို ထည့်သွင်း သုံးသပ် စိစစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ ပိုးသတ်ဆေးထုတ်လုပ်မှု အားနည်းနေသဖြင့် ပြည်တွင်း၌ ထုပ်လုပ်နိုင်ရေး ပိုးသတ်ဆေးဥပဒေနှင့်အညီ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) များကို ဖိတ်ခေါ်ရမည် ဖြစ်ပါ‌ ကြောင်း၊ ပြည်တွင်းထုတ်လုပ်သော ပိုးသတ်ဆေးများသည် ပြည်ပမှ ကုန်ကြမ်းတင်သွင်းကြရ သည့်အတွက် ကုန်ကြမ်းများကိုလည်း အရည်အသွေး မှန်မမှန် ဓါတ်ခွဲနိုင်ရေး ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မူဝါဒအရ ဓါတုပိုးသတ်ဆေးသုံးစွဲမှု လျှော့ချ၍ သဘာဝပိုးသတ်ဆေးများ သုံးစွဲနိုင်ရေး နည်းပညာပေးရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊အထူးသဖြင့် ကမ္ဘာတွင် မသုံးစွဲရသေးသော ပိုးသတ်ဆေးများကို မိမိတို့နိုင်ငံတွင် လာရောက်စမ်းသပ်ခြင်းကို မဖြစ်စေရန်အတွက် နည်းပညာကော်မတီဖြင့် မှတ်ပုံတင်ခွင့် တောင်းခံလာသည့်အပေါ်  ပြည့်စုံသော သတင်းအချက်အလက်များဖြင့် စိစစ်ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ 




နိုင်ငံတော်ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ စမ်းသပ် သုံးစွဲခွင့် မှတ်ပုံတင် (၁၁၇)ခု၊ ယာယီသုံးစွဲခွင့် မှတ်ပုံတင်(၁၈၆၈)ခု၊ အပြည့်အဝ သုံးစွဲခွင့် မှတ်ပုံတင်(၂၂၅၁)ခု နှင့် ပြင်ဆင် သုံးစွဲခွင့် မှတ်ပုံတင်(၁)ခု၊ စုစုပေါင်း (၄၂၃၇)ခု ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ယခုအစည်းအဝေး၌ ပိုးသတ်ဆေးအမျိုးအစား(၉၃)မျိုးကို မှတ်ပုံတင်ခွင့်ပြုရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့မှ ပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိခဲ့ပါသည်။