တောင်သူပညာပေးလုပ်ငန်းတစ်ရပ်အဖြစ် စံပြကွက်များ ထူထောင်ရန် လိုအပ်
  • Fri, 23 August 2024

တောင်သူပညာပေးလုပ်ငန်းတစ်ရပ်အဖြစ် စံပြကွက်များ ထူထောင်ရန် လိုအပ်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ဌာနခွဲညွှန်ကြား ရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများနှင့်အတူ နေပြည်တော် ပျဉ်မနားမျိုးစေ့ဌာနခွဲဝန်းအတွင်း၌ စမ်းသပ် စိုက်ပျိူးထားသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံများ၏ အောင်မြင် ဖြစ်ထွန်းမှု စိုက်ကွက်များကို ကွင်းဆင်းကြည့်ရှ့ကြသည်။

ကြည့်ရှ့စဉ် ဒုတိယဝန်ကြီးက ဒေသခံတောင်သူများကို အသုံးပြုစေလိုသည့် သီးနှံမျိုးနှင့် လိုက်နာကျင့်သုံးလိုသည့် စိုက်ပျိုးနည်းစနစ်များဖြင့် စံပြကွက်များ ကိုယ်တိုင်ကိုယ်ကျကြီး ကြပ်ဆောင်ရွက်ပေးပြီး ဖြစ်ထွန်းအောင်မြင်မှု တောင်သူများမျက်မြင်လေ့လာ၍ လက်တွေ့ လိုက်ပါလုပ်ဆောင်လာစေရေး စည်းရုံးဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး ပြည်နယ်အ သီးသီး၌ တောင်သူပညာပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် စီမံခန့်ခွဲနိုင်မှု အားသာချက်ရှိသော(ပေါင်)ဘောင်ကြီးတင်စနစ် ရှေ့ယခင်ကပင် တောင်သူများအသုံးပြုခဲ့ပြီး အချို့သောဒေသများတွင် မဖြစ်မနေ သုံးစွဲရန်လိုအပ်သည်ကို‌ တွေ့ရှိရကြောင်းနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်ရာတွင် တောင်သူများ၏ လက်ရှိအသုံးပြုနေသော သီးနှံများကို မျိုးရွေးချယ်မြှင်တင်သန့်စင်ပေးခြင်း၊ သီးနှံအလိုက်လိုအပ်သောသွင်းအားစု အမျိုးအစား အချိုးအစားကို ထောက်ခံချက်ပေးခြင်းတို့ကို‌ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသအလိုက် သီးနှံမျိုးကွဲ မျိုးများ အမည်အမျိုးမျိုးဖြင့် အသုံးပြုနေမှုကို တညီတညွတ် တည်းဖြစ်စေရေး ကြပ်မတ်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ထိုနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည့် ဆီထွက်သီးနှံ နေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။