အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးလာရောက်ဆွေးနွေး
  • Tue, 27 August 2024

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးလာရောက်ဆွေးနွေး


စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)တို့အကြား လက်မှတ်ရေးထိုးမည့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခ(သို့မဟုတ်) အကြမ်းဖက်မှုဒဏ်ခံရသော ဒေသအတွင်း နေထိုင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆိုင်ရာ ထုတ်လုပ်မှုများ၊ ဝန်ဆောင်မှုများနှင့် လုပ်ငန်းအထောက်အကူပြု ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ယနေ့မနက် (၁၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

စီမံကိန်း၏ အဓိကလုပ်ငန်းများမှာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မျိုးစေ့ထုတ်ခြံများတွင် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေး ခြင်းနှင့် သင်တန်းများ ဆောင်ရွက်ခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိရစ္ဆာန် ကျန်းမာရေး လုပ်သားသင်တန်းများ ဖွင့်လှစ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် ထောက်ပံ့ ပေးခြင်းနှင့် သင်တန်းပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ရာသီဥတုနှင့် လိုက်လျောညီထွေပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးရန် လူထုအသိုင်းအဝိုင်း၏ မိမိကိုယ်မိမိ အားထားနိုင်မှုကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရန် ရည်ရွယ်ကြောင်းသိရသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စီမံကိန်းအကောင်အထည် ဖော်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများ၊ ညွှန်ကြားချက်များနှင့် ညီညွတ်အောင် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် အတူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဦး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်နှင့် ညွှန်ကြားရေးမှူးများ၊ ပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရပါသည်။