နိုင်ငံတစ်ဝှန်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးစေ့နည်းပညာများ သိရှိလိုက်နာ ဆောင်ရွက်ရေး ဆွေးနွေးမှာကြား
  • Wed, 28 August 2024

နိုင်ငံတစ်ဝှန်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးစေ့နည်းပညာများ သိရှိလိုက်နာ ဆောင်ရွက်ရေး ဆွေးနွေးမှာကြား


စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်အောင်မြင်စေရေး၏ အခြေခံအုတ်မြစ်ကြီးဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်း (၄)ရပ်အနက် အရေးကြီးသော မျိုးစေ့နည်းပညာရပ်များ ပြန့်ပွားနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးသင်တန်းများကိုစဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရန် မျိုးစေ့ထုတ် လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ တောင်သူ လယ်သမားများအား မျိုးစေ့များ အလွယ်တကူရရှိနိုင်ရန် ချိတ်ဆက်ပေးနိုင်ရေး ၊ မျိုးစေ့များ ထုတ်လုပ်ရောင်းချမည်ဆိုပါက လုပ်ငန်းလိုင်စင် လုပ်ရမည်ဖြစ်ပြီး ချမှတ်ထားသော စဉ်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ကြီးကြပ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ပို့ချခဲ့ကြောင်း သိရသည်။




မျိုးစေ့နည်းပညာပေးသင်တန်းကို စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်း(ရေဆင်း)တွင် ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိရာ ဩဂတ်လ(၂၆) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သင်တန်းသား သင်တန်းသူများကို တွေ့ဆုံ၍ မျိုးစေ့တာဝန်ခံ ပညာရှင်ဝန်ထမ်းများသည် စပါးသီးနှံမျိုးစေ့သာမက ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ချည်မျှင်ရှည်ဝါ မျိုးစေ့များ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နေကြာသီးနှံ ဧက (၃)သန်းထိ စိုက်ပျိုးရန် ရည်မှန်းထား၍ တစ်ဧက မျိုးစေ့(၂)ကီလိုနှုန်း စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကီလို(၆)သန်း လိုအပ်မည်ဖြစ်၍ မိမိပြည်တွင်းတွင် ဖူလုံစွာ မျိုးစေ့ထုတ်နိုင်ရေးအတွက် ကုမ္မဏီများကို နေကြာမျိုးစေ့ထုတ် စိုက်ကွင်းထူထောင်နိုင်ရန် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များတွင် မြေနေရာများ ရှာဖွေစိစစ် ပေးထားရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ကူညီခြင်းတို့ လုပ်ဆောင်မှသာ မျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း။




မျိုးစေ့ထုတ်လုပ်ငန်းရှင်များအနေဖြင့် မျိုးမသန့်သည်များကို တောင်သူများထံ ရောနှော မရောင်းချရန်၊ မမှန်ကန်သောမျိုးများ မဖြန့်ဖြူးရန်နှင့် စစ်ဆေးတွေ့ရှိပါက မျိုးစေ့ဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဩဂုတ်လ(၂၆)မှ (၂၉)ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့မှ တိုင်း၊ ခရိုင်၊ မြို့နယ် မျိုးစေ့တာဝန်ခံဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။