စိုက်ပျိုးရေး အထက်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ အတွက် မွမ်းမံသင်တန်းဖွင့်လှစ်
  • Tue, 10 September 2024

စိုက်ပျိုးရေး အထက်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ အတွက် မွမ်းမံသင်တန်းဖွင့်လှစ်


အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (၈၅) ကျောင်းတွင် သင်ကြားရေးတာဝန် ထမ်းဆောင်‌လျက်ရှိကြသည့် စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ အား သင်ကြားရေးနည်းပညာရပ်များ နှင့် ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုမြင့်မား စေရေး အထောက်အကူပြု သင်တန်းကို စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်(၁၀) နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန ၊ ရုံးချုပ်၌ ကျင်းပပြုလုပ်သည်။

သင်တန်း၌ သင်ကြားရေးနည်းစနစ် နှင့် မေးခွန်းပြင်ဆင်ခြင်း၊ ပညာရေးဆိုင်ရာ စိတ်ပညာ၊ သင်ကြားရေးဆိုင်ရာ ဗီဒီယိုထုတ်လွှင့်ခြင်း၊ စဥ်ဆက်မပြတ် အကဲဖြတ် စိစစ်ရေး လုပ်ငန်းစဥ်၊ ဆရာ ဆရာမများ ၏ သွင်ပြင်လက္ခဏာများ၊ ကောင်းမွန်သော သင်ယူ လေ့လာမှု ဆိုင်ရာ စံနှုန်း စသော ဘာသာရပ်များကို စက်တင်ဘာလ (၁၀)ရက် မှ (၁၂)ရက်နေ့ အထိ online မှပို့ချမည်ဖြစ်ပြီး သင်တန်းတွင် ဆရာ ဆရာမ (၂၃၈)ဦး တက်ရောက်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က နိုင်​ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိကာလအတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး၊ သားငါးရိက္ခာ တိုးမြှင့် ထုတ်လုပ်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေး ကျောင်း စုစုပေါင်း (၈၅)ကျောင်း ဖွင့်လှစ်ပြီးဖြစ်၍ စိုက်ပျိုးရေး ဘာသာရပ်များကို သင်ကြားပို့ချမည့် ဆရာ ဆရာမများ အနေဖြင့် မိမိတို့ဘာသာရပ် သာမက သင်ကြားရေး ဆိုင်ရာ နည်းစနစ်များ ကျွမ်းကျင်စွာဖြင့် ပို့ချနိုင်မှသာ သင်ယူသော ကျောင်းသူ ကျောင်းသားများ အရည်အသွေး မြင့်မားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများကို ခေတ်ကာလနှင့် ကိုက်ညီ​သော ကရိယာများဖြင့် ပြသ သင်ကြားနိုင်ရေး စီစဥ်ရမည် ဖြစ်ပါကြောင်းနှင့် လက်တွေ့ လေ့ကျင့်စိုက်ပျိုးနိုင်ရေး school gardenများ ထူထောင် သင်ကြားပြသရန် ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချူပ် (နည်းပညာ) ဦးမျိုး​​ဇော် က သင်ကြားရေး ဆိုင်ရာ တာဝန်ယူထားကြသည့် ပညာရှင်ဝန်ထမ်းများ၏ သင်ကြားပို့ချမှု ဆိုင်ရာ အရည် အသွေး မြင့်မားရေးအတွက် သင်တန်းဖွင့်လှစ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများ က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပို့ချ ပေးခဲ့ကြကြောင်း သတင်းရရှိသည်။