မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Fri, 22 July 2022

မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကျင်းပ


မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်း က အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယနေ့ အစည်းအဝေးတွင် ပြည်တွင်း ထုတ်လုပ် မှတ်ပုံတင်လျှောက်ထား ခဲ့ကြသည့် ကုမ္ပဏီ (၂၅)ခု၏ ထုတ်လုပ်စက်ရုံများ တည်ဆောက် ပြီးစီးမှု၊ စက်များ တပ်ဆင်ထားမှု၊ ကုန်ကြမ်း ရရှိမှုအခြေအနေ နှင့် ထုတ်လုပ်သည့် နည်းစနစ်များ ကို လည်းကောင်း၊ သိုလှောင်လိုင်စင် လျှောက်ထားလာသော ကုမ္ပဏီ (၁၁)ခု၏ သိုလှောင်ရုံ (၁၁) ခု တည်ဆောက် ပြီးစီးမှု ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် စစ်ဆေးရေး အဖွဲ့များ၏ ကွင်းဆင်း စစ်ဆေး တွေ့ရှိချက် အရ ထုတ်လုပ် မှတ်ပုံတင် ခွင့်ပြုနိုင်ရေး နှင့် သိုလှောင် လိုင်စင်များ ထုတ်ပေး နိုင်ရေး ဆွေးနွေးခဲ့ကြသည်။




မှတ်ပုံတင်လျှောက်ထားလာသော မြေဩဇာများကို မြေဩဇာကော်မတီက ခွင့်ပြု မှတ်ပုံတင် ထုတ်ပေး နိုင်ရေးအတွက် နည်းပညာရပ် ဆိုင်ရာ စမ်းသပ် စစ်ဆေးခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ဦးဆောင်သည့် မြေဩဇာ ဆိုင်ရာ နည်းပညာ အဖွဲ့ က တာဝန်ယူ၍ တိုင်း ဒေသကြီး ပြည်နယ်များမှ တာဝန်ရှိသူများ ပါဝင်သော လုပ်ငန်း အဖွဲ့များ ဖြင့် အကောင်အထည် ဖော် ဆောင်ရွက် လျက် ရှိကြောင်း၊ မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ ၏ စိစစ် တွေ့ရှိ ချက်များ ကို မြေဩဇာများကို မြေဩဇာ ကော်မတီ အစည်း အဝေး သို့ ဆက်လက် တင်ပြပြီး မှတ်ပုံတင် ထုတ်ပေးနိုင်ရေး သုံးသပ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြေဩဇာမှတ်ပုံတင်လျှောက်ထားခြင်း၊ သိုလှောင် လိုင်စင် လျှောက်ထားခြင်းတို့ကို Online စနစ်ဖြင့် ဆောင်ရွက် ပေးလျက် ရှိရာ လုပ်ငန်း များ ပွင့်လင်း မြင်သာမှုရှိခြင်း၊ အချိန်နှင့် တပြေးညီ ဆောင်ရွက် နိုင်ခြင်း၊ Covid-19 ကာလအတွင်း လူချင်း ထိတွေ့မှု မရှိပဲ လုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း စသည့် အားသာချက်များဖြင့် အောင်မြင်စွာ ဆောင်ရွက် လျက် ရှိရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ သိုလှောင် လိုင်စင် ထုတ်ပေးခြင်းနှင့် တင်သွင်းခွင့် ထောက်ခံချက် ပေးခြင်း လုပ်ငန်းများ ကိုလည်း အွန်လိုင်းစနစ်ဖြင့်တိုးချဲ့ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။