ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ
  • Wed, 27 July 2022

ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ


ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ၏ ဒုတိယနေ့ အစီအစဉ် ဖြစ်သော သင်တန်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၇) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိ မြို့နယ် ရေဆင်း ရှိ စိုက်ပျိုး ပညာပေးရေး နှင့် ကျေးလက် ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်နယ်များမှ ရေအသုံးချသူများ အဖွဲ့ ခေါင်းဆောင်တောင်သူများ တက်ရောက်လေ့လာခဲ့ကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး ဦးစီးဌာနများမှ ပညာရှင်များ က ပို့ချဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

သင်တန်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဇော် က ဆည်ရေ စီမံ ခန့်ခွဲမှု နှင့် ရေအသုံးချသူ တောင်သူအဖွဲ့များ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာသူဇာဝင်း က စိုက်ပျိုးသီးနှံနှင့် မြေအသုံးချမှုဆိုင်ရာ အသိပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း ပို့ချခဲ့ကြပြီး တောင်သူများ၏ သိရှိလိုသည်များကို ဆွေးနွေးဖြေကြားပေးကြသည်။



ယနေ့ကျင်းပလျက်ရှိသော ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆွေးနွေးပွဲ၏ ပြခန်းများခင်းကျင်းပြသထားမှုများနှင့် သင်တန်းပို့ချဆွေးနွေးနေမှုများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား ကျောင်းသူများနှင့်ဆရာ ဆရာမ (၈၃)ဦး၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများ နှင့်ဆရာ ဆရာမ (၅၀)ဦး တို့ လာရောက်လေ့လာခဲ့ကြသည်။



ညနေပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသော ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင်တောင်သူများ သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝ မြေသြဇာ ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများ နှင့် သဘာဝ မြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ My Nature အဆင့်မြင့်ဇီဝ မြေသြဇာလုပ်ငန်းခွင်ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက်စနစ် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာအတွင်း စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုလေ့လာ ခဲ့ကြသည်။



ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ကို ဩဂုတ်လ (၂၆)ရက်နေ့ မှ (၂၈)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွား မည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသော ရေအသုံးချသူများ အဖွဲ့ ခေါင်းဆောင် တောင်သူ များအား သင်တန်းများပို့ချပေးခြင်း ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍများအလိုက် အုပ်စုများဖွဲ့၍ ဆွေးနွေးခြင်း၊ စုပေါင်းဆွေးနွေး တင်ပြ သုံးသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရေအသုံးချသူများ ပါဝင်သော ဆည်ရေစီမံခန့်ခွဲမှုစနစ် ဆီသို့ အောင်မြင်စွာ တက်လှမ်းနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။