အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်း နှင့် စပ်လျဉ်း၍ စီမံချက် (မူကြမ်း) ရှင်းလင်း ဆွေးနွေး
  • Wed, 31 August 2022

အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်း နှင့် စပ်လျဉ်း၍ စီမံချက် (မူကြမ်း) ရှင်းလင်း ဆွေးနွေး


အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း စီမံချက်(မူကြမ်း) ရှင်းလင်း ဆွေးနွေးပွဲ ကို ဩဂုတ်လ (၃၁)ရက် နေ့လယ်ပိုင်း က အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ  ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်း ရှင်များ အသင်း တို့မှ ဥက္ကဌ နှင့် အမှုဆောင်အဖွဲ့ဝင်များ ၊ ဆက်စပ်ကုမ္ပဏီများ မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ တက်ရောက်ကြသည်။



ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်များက အမှာစကားပြောကြားကြပြီး အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်း စီမံချက် (မူကြမ်း)ကို စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အသေးစိတ် ဖတ်ကြားရှင်းလင်း တင်ပြရာ ဆွေးနွေးပွဲ တက်ရောက် လာကြသူများက ဝိုင်းဝန်း သုံးသပ်အကြံပြုခဲ့ကြသည်။

အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်၊ ရောင်းဝယ်ခြင်းလုပ်ငန်း ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများအကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှု စာချုပ် ချုပ်ဆို၍ ပုဂ္ဂလိကလုပ်ငန်းရှင်များက မျိုး၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုများ၊ ကြိုတင် ထုတ်ပေးခြင်း ဖြစ်၍ တောင်သူလိုအပ်သော ရင်းနှီးမြုပ်နှံမှု အတွက် အတိုးကြီးပေးကာ ငွေချေးငှားရမှု မရှိခြင်း၊ သီးနှံထွက်ကုန် ပေါ်ချိန် တွင် ကြိုတင်ထုတ်ပေးထားသည့် စရိတ်များကို ခုနှိမ်ကာ ပြန်လည်ဝယ်ယူခြင်းအပြင် ကျန်သီးနှံများကိုလည်း ပေါက်ဈေးအတိုင်း  ဝယ်ယူမည် ဖြစ်၍ ဈေးကွက် နှင့် ဈေးနှုန်း သေချာခြင်းအကျိုးကို ခံစားကြရမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့်လည်း ဈေးကွက် ရှိသည့် သီးနှံအမျိုးအစားကို တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း ဝယ်ယူရရှိခြင်း၊ ဈေးနှုန်းတည်ငြိမ်ခြင်း၊ ဈေးကွက်တွင် ထွက်ကုန် ပမာဏ အာမခံနိုင်ခြင်း စသည့် တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အကြား နှစ်ဦး နှစ်ဖက် အကျိုးအမြတ် ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။




အဆိုပါ အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု သိသာစွာတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက လာမည့် နွေစပါး စိုက်ပျိုး ရာသီ တွင် ဧက(၈၅၀,၀၀၀)အတွက် တစ်ဧကလျှင် ကျပ် (၂၀၀,၀၀၀) နှင့် ညီမျှ‌သော သွင်းအားစုများကို အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များ မှတဆင့် ထောက်ပံ့ပေးရန်လိုအပ်သည့် ငွေကျပ်ဘီလီယံ(၁၇၀)၊ ဆောင်းပဲတီစိမ်း ဧက(၅)သိန်း အတွက် တစ်ဧကလျှင် ကျပ်(၁၂၀,၀၀၀) နှင့် ညီမျှသော သွင်းအားစုများကို အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များ မှတဆင့် ထောက်ပံ့ပေးရန်လိုအပ်သည့် ငွေကျပ်(၆၀)ဘီလီယံ၊ စုစုပေါင်း ကျပ်(၂၃၀)ဘီလီယံ ထုတ်ချေး ပေးပြီး အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံပေါ်ချိန်တွင် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ကာလပေါက်ဈေးဖြင့် ပြန်လည် ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် တစ်ဦးတစ်ယောက်ချင်းဖြင့် ဆောင်ရွက်ရမည့်အစား၊ တောင်သူအစု အဖွဲ့များ၊ သမဝါယမအသင်းများ၊ သွင်းအားစုကုမ္ပဏီအစုအဖွဲ့များ၊ သီးနှံထွက်ကုန်များကို ပြန်လည်ဝယ်ယူမည့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များ သုံးဦး သုံးဖလှယ် ပါဝင်ကြရမည် ဖြစ်သည်။ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် ကြွေးကျေသူများသာမက ကြွေးကျန်ရှိသူများပါ ပါဝင်ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်သော်လည်း ကြွေးကျန်ရှိသူ တောင်သူများအနေဖြင့် သီးနှံများ ရောင်းချချိန်တွင် လယ်/ဘဏ် ကြွေး ကျန်ရှိသည့် ပမာဏ၏ အနည်းဆုံး ၂၅ % ကို ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ကြွေးရှိနေသည့် တောင်သူများ အတွက် ကြွေးကျေပြီး၊ ကြွေးကင်းရှင်း စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။