မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးနှင့် တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အားပေးဆောင်ရွက်
  • Fri, 2 September 2022

မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးနှင့်  တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အားပေးဆောင်ရွက်


ဒေသ၏ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းမြင့်မားသော သီးနှံမျိုးစေ့များ ပွားများထုတ်လုပ်ရာတွင် ဌာနခြံ မှ မိဘမျိုးများကိုသာ ထုတ်လုပ်ပြီး ဆင့်ပွားမျိုးစေ့နှင့် စီးပွားဖြစ် မျိုးသန့် မျိုးစေ့ ပွားများထုတ်လုပ်ခြင်းကို မျိုးသန့်ခြံများ၊ မျိုးစေ့ထုတ်လုပ်ငန်း ရှင်များ၊ မျိုးစေ့ထုတ်လုပ်ငန်း အတွေ့အကြုံရှိသော အကျိုးဆောင်တောင်သူများ မှတဆင့် ဆောင်ရွက်ခြင်းဖြင့် မျိုးစေ့စီးဆင်းမှုလမ်းကြောင်း မှန်ကန်စေရေး နှင့် ကျယ်ပြန့်ထိရောက် မျိုးဖြန့်ဖြူးခြင်း လုပ်ငန်းဖြစ်စေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ စက်တင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ၊ စီပင် စိုက်ပျိုးရေး သုတေသနခြံ ၏ ဆင်းရွှေကြာ-၂  မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။



စီပင်စိုက်ပျိုးရေးသုတေသနခြံ၏ လုပ်ငန်းများအားကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ က ဆောင်ရွက်လျက်ရှိသည့် ဒေသ၏ ရေ မြေ ရာသီဥတု နှင့် ကိုက်ညီပြီး အထွက်နှုန်း မြင့်မား သော သီးနှံမျိုးသစ်များရရှိရေး နှင့် သီးနှံပုံစံများကို သုတေသနပြုဖော်ထုတ်နေမှုများ၊ သီးနှံအလိုက် အကျိုးအမြတ်အများဆုံးရရှိမည့် စိုက်ပျိုးနည်း စနစ်များ ၊ ဆင်းရွှေကြာ-၂  မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ပဲတီစိမ်း သီးနှံ သုတေသန လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက် များ ဆွေးနွေးမှာကြားသည်။



နေ့လယ်ပိုင်းတွင် မိတ္ထီလာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များမှ ဝါသီးနှံ နှင့် နေကြာသီးနှံစိုက် တောင်သူများ၊ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးအမှာစကား ပြောကြားရာ၌ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေး ဝတ်ရေး ဖူလုံစေရန် နှင့် တောင်သူများ ၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန် တို့အတွက် ဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေမည့် မူဝါဒများ ဖြစ်စေရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုး ထုတ်လုပ်သူ၊ သွင်းအားစု ရောင်းချသူ နှင့် ကြိတ်ခွဲ ရောင်းချသူများ အကြား အကျိုးတူ ပူးပေါင်းဆောင်ရွက် သည့် ကန်ထရိုက်လယ်ယာ စနစ်ကို ဖော်ဆောင် ပေးခြင်းဖြင့် မျှတသော ကုန်သွယ်မှု အကျိုးအမြတ် ခွဲဝေခံစားသည့် အလေ့အထကောင်းများ  ဖော်ဆောင်ပေးနေခြင်း ဖြစ်၍ သက်ဆိုင်သူ အားလုံးတို့က ညီညွတ်စွာ ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက်သာမက နိုင်ငံတကာ တွင် ဖြစ်ပေါ်နေသော စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါက တောင်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ၏ ပို့ကုန်တိုးတက်ရေးကိုပါ ဖြည့်ဆည်းနိုင်မည့် အချိန်အခါကောင်း ဖြစ်ကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီ တွင် နွေစပါးနှင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု အတွက် အကျိုးတူ ကန်ထရိုက်လယ်ယာ စနစ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေး သကဲ့သို့ လာမည့်နှစ် ဝါစိုက်ပျိုးရာသီတွင် ဝတ်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်နေသည့် ဝါသီးနှံစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးကိုလည်း ထည့်သွင်း ဆောင်ရွက် သွားမည်ဖြစ်၍ တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးပြောကြားသည်။



ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူများ၊ လုပ်ငန်းရှင်များက ဝါသီးနှံနှင့် နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း အတွက် မျိုးသန့်လွှမ်းခြုံရေး ၊ သီးနှံဈေးနှုန်း သင့်တင့်မျှတရေး ၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များ က ရှင်းလင်း တင်ပြကြ သည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အသေးစားလုပ်ငန်းရှင် တစ်ဦး၏ မျိုးဝါစေ့အတွက် ဝါကြိတ်လုပ်ငန်း နှင့် ဝါစေ့ဆီကြိတ် စက်ရုံတို့ကို ကြည့်ရှုအားပေး ခဲ့ကြ ကြောင်း သတင်းရရှိသည်။