စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသား အရင်းအမြစ်များ အမြန်ဆုံး လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးကြိုးပမ်း
  • Sun, 4 September 2022

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသား အရင်းအမြစ်များ အမြန်ဆုံး လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးကြိုးပမ်း


စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများက ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို စက်တင်ဘာလ(၄)ရက်နေ့ မွန်းလွဲ ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို တို့ တက်ရောက်၍ အမှာစကားပြောကြားကြသည်။



ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး အနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပ ပို့ကုန် တိုးမြှင့်ရေး အတွက် ဆန်စပါး၊ ဆီထွက်သီးနှံနေကြာ၊ ချည်မျှင်ရှည်ဝါနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နှင့် အသားထုတ်လုပ်မှု တိုးတက်ရေး  အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်ဧရိယာတိုးချဲ့ရေးအတွက် ရေရရှိရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေများ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ စက်မှုလယ်ယာစနစ်အပြည့်အဝ အသုံးပြုနိုင်ရေး နှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်ရေးတို့ အတွက် သက်ဆိုင်ရာ ကဏ္ဍများက ဝိုင်းဝန်း ကြိုးပန်းကြရန်လိုကြောင်း၊ ယခုနှစ် နွေစပါး ဧက(၈၅၀,၀၀၀) နှင့် ဆောင်းပဲတီစိမ်း ဧက(၅)သိန်းကို တောင်သူများသွင်းအားစုများ အသုံးပြုနိုင်ရေး အတွက် ချေးငွေထုတ်ပေးပြီး အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ ပေးသွားမည်ဖြစ်ရာ ယင်းလုပ်ငန်းတွင် တောင်သူအစုအဖွဲ့များ၊ သွင်းအားစုကုမ္ပဏီ အစု အဖွဲ့များ၊ သီးနှံထွက်ကုန်များကို ပြန်လည်ဝယ်ယူမည့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များ သုံးဦးသုံးဖလှယ် ပါဝင်ကြရမည် ဖြစ်၍ ဌာနဆိုင်ရာများ ဘက်က သက်ဆိုင်ရာဌာနများ အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ညှိနှိုင်း ပေါင်းစပ်မှု အားကောင်းကောင်းဖြင့် ကြိုးပမ်းပေးကြစေလိုကြောင်း၊



စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသား အရင်းအမြစ်များ အမြန်ဆုံးလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံကျောင်းများကို တိုင်းဒေသကြီး ပြည်နယ်များ၌ ဖွင့်လှစ်ပေးထားပြီး မွေးမြူရေးဒီပလိုမာသင်တန်းများကို တိုးချဲ့ ဖွင့်လှစ် ပေးလျက် ရှိနေသော်လည်း လိုအပ်နေသော စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူများ မွေးထုတ်ပေးရန် လာမည့်စာသင်နှစ်မှ စတင်၍ အခြေအနေပေးသော အထက်တန်း ကျောင်းများတွင် စိုက်ပျိုးရေး မွေးမြူရေး အထက်တန်းကျောင်းအဆင့် ပညာရေးကို ထည့်သွင်း ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း အထက်တန်း ပညာ ပြီးဆုံးချိန် တွင် ထူးချွန်မှုအလိုက် ဒီပလိုမာသင်တန်းများ နှင့် ဘွဲ့ကြို သင်တန်းများတက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်သကဲ့သို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်လိုပါကလည်း ကျွမ်းကျင်စွာ စိုက်ပျိုး မွေးမြူ လုပ်ကိုင်နိုင်ကြ စေရန် မျှော်မှန်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊  အဆိုပါ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း များ ဖွင့်လှစ်နိုင်ရေး အတွက်ကိုလည်း မိမိတို့ စွမ်းနိုင် သည့် ဘက်က ပါဝင် ပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။



ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြောကြားရာတွင် ဒေသဝမ်းစာဖူလုံရေး နှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် အားထားရ သည့် တိုင်းဒေသကြီးအဖြစ် ကြိုးပမ်းရာတွင် အရည်အသွေးမြင့်ထွက်ကုန်များဖြစ်စေရေး နှင့် အထွက်နှုန်းတိုးတက်ရေးအတွက် မိမိတို့ ကျွမ်းကျင်ရာကဏ္ဍအသီးသီးမှ ကြိုးပမ်းပေးကြစေလိုကြောင်း၊ လိုအပ်ချက်များကို တိုင်းဒေသကြီး အစိုးရအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ စာရင်းဇယား ကိန်းဂဏန်းများ မှန်ကန်ရေး နှင့် ရှိပြီးစိုက်ပျိုးမြေများ တစ်ဧကချင်း၏ ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး ကြိုးပမ်းပေးကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များ နှင့် တိုင်းဒေသကြီး ဦးစီးမှူးများ က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြသည်။



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် စက်တင်ဘာလ (၃)ရက်နေ့ ညနေပိုင်းက လည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ ရွှေနန်းထိုက်ဟိုတယ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဌ နှင့် အမှုဆောင် အဖွဲ့ဝင်များ ၊ ကော်ဖီလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ၍ ကော်ဖီကို အဓိကပို့ကုန် တစ်ခုအဖြစ် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ရေး အတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး ဆွေးနွေး ခဲ့ကြသည်။



တိုင်းဒေသကြီး ပြည်နယ်များ အလိုက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု တိုးချဲ့ ဆောင်ရွက် ရာတွင် ပြင်ဦးလွင် ၊ နောင်ချို ၊ ရွာငံ ၊ ဟိုပုန်း ၊ ရပ်စောက် ၊ ပင်းတယ စသည့်ဒေသများ၌ ရှိပြီး ကော်ဖီစိုက်ခင်းများကို အဓိကထား အခြေပြုပြီး ရေမြေရာသီဥတုနှင့် ကိုက်ညီသော ဒေသများတွင် ကုန်းမြင့်ကော်ဖီ ဧက(၂)သိန်း ပြည့်အောင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီး ပြည်နယ်များတွင် မြေပြန့် ကော်ဖီ ဧက(၁)သိန်း စိုက်ပျိုးသွားရန် မျှော်မှန်းထားသော်လည်း မိမိတို့နိုင်ငံ၏ ရေမြေ အခြေခံ ကောင်းများ အပေါ် တိုးချဲ့ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူများ အတွက် တည်ဆဲဥပဒေများ နှင့် အညီ အားပေး ကူညီသွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကော်ဖီစီမံကိန်း ဧရိယာများ ၌ သတ်မှတ်ခွင့်ပြုပေး ထားသော စည်းကမ်း ချက်များ နှင့် ညီညွတ်ပြီး အမှန်တကယ် စိုက်ပျိုးထုတ်လုပ်နေသည့် ဖြစ်တည်ပြီး စိုက်ဧရိယာ များ ကို ပုံစံ(၇) ထုတ်ပေးနိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။