ကိုယ်တိုင် စိုက်ပျိုး မွေးမြူ ထုတ်လုပ်သူများ၊ လက်လီ လက္ကား အခွန်လွတ်ဈေး နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ်ရောင်းဝယ်သူများ ဖြင့် စည်ကား
  • Sat, 10 September 2022

ကိုယ်တိုင် စိုက်ပျိုး မွေးမြူ ထုတ်လုပ်သူများ၊ လက်လီ လက္ကား အခွန်လွတ်ဈေး နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ်ရောင်းဝယ်သူများ ဖြင့် စည်ကား


ကိုယ်တိုင် စိုက်ပျိုး မွေးမြူ ထုတ်လုပ်သူများ၊ လက်လီ လက္ကား အခွန်လွတ်ဈေး ကို စက်တင်ဘာလ (၁၀)ရက် စနေနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်၊ မြို့မဈေးတွင် ဖွင့်လှစ်ထားပြီးဖြစ်ရာ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မှ အသားနှင့် ကြက်ဥ အရောင်း ဆိုင်ခန်းများ၊ ဟင်းသီး ဟင်းရွက် ၊  သစ်သီးဝလံ ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချ သူများ၏ အ‌ရောင်းဆိုင်ခန်းများ၊ အိမ်နောက်ဖေး ဈေးဆိုင်တည် လိုသူများ အတွက် မျိုးစေ့ ပျိုးပင် အရောင်းဆိုင်များတွင် ဝယ်ယူကြသူများဖြင့် စည်ကားခဲ့ကြောင်းသိရှိရသည်။



အဆိုပါ အခွန်လွတ်ဈေး ကို နေ့စဉ် နံနက်(၆)နာရီမှ (၉)နာရီအထိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊ မြို့မဈေး နှင့် အ.ထ.က(၅) လမ်းဆုံထောင့်ရှိ အအေးခန်း စက်ရုံ တွင် နွားနို့၊ ငါးခြောက်၊ ပုစွန်ခြောက် နှင့် ကြက်သွန် ၊ ငရုတ်သီးခြောက် ၊ အာလူး စသည့် ကုန်ခြောက်များကို ညနေပိုင်းအထိရောင်းချပေးလျက်ရှိကြောင်း၊ စားသုံးသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနများတွင် ရွေ့လျားဈေးရောင်း စနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ မှုများကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး အားပေးကြသည်။



စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ သုတေသနခြံများ၊ နည်းပညာပေးလုပ်ငန်းအတွက် စံနမူနာပြ စိုက်ခင်းများ မှ ထွက်ရှိသော ဟင်းသီး ဟင်းရွက် ၊  သစ်သီးဝလံများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပြီး ကိုယ်တိုင် စီးပွားဖြစ် စိုက်ပျိုး မွေးမြူထုတ်လုပ်နေသူများ လက်လီလက်ကား ရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် စားသောက်ကုန်များထုတ်လုပ်သူမှ စားသုံးသူ လက်ဝယ်သို့ လပ်ဆတ်စွာဖြင့် တိုက်ရိုက် ရောက်ရှိရေး ၊ နိုင်ငံဝန်ထမ်းများ သက်သာချောင်ချိရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိပြီး အာဟာရပြည့်ဝလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံများ ကို မိသားစုတိုင်း ဖူလုံစွာစားသုံးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုလုပ်ငန်း၏ အတွေ့အကြုံများဖြင့် အခြား တိုင်း ဒေသကြီး ပြည်နယ်များတွင် တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ်ကြေင်း သိရသည်။



အလားတူ နေပြည်တော်ကောင်စီနယ်မြေကို Green City, Clean City, Smart City အဖြစ် အကောင်အထည်ဖော်ရေးလုပ်ငန်း တွင် အပါအဝင်ဖြစ်သည့် အရည်အသွေး ပြည့်ဝပြီး ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထထုတ်ကုန် လုပ်ငန်းများ ဈေးကွက် ရရှိရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့် သိုလှောင်ခြင်း ၊ ပြုပြင်ထုပ်ပိုး ရောင်းချ ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး ထွက်ကုန် ဈေးကွက် ဗဟိုဌာန အအေးခန်း သိုလှောင်ရုံ ကို နေပြည်တော် ပုဗ္ဗသီရိဈေးအနီး တွင် တည်ထောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို ၂၀၂၃ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ရာ ဒေသခံစိုက်ပျိုးမွေးမြူ ထုတ်လုပ် သူများ သာမက စားသုံးသူများအတွက်ပါ အကျိုးရှိစေမည် ဖြစ်ကြောင်း သတင်းရရှိသည်။